ရာသီတုပ်ကွေးဖြစ်ပွားခဲ့သည့် နာဂဒေသသို့ ကျပ်သိန်း ၁၆၀ ကျော်တန်ဖိုးရှိ ပစ္စည်းများ သွားရောက်လှူဒါန်းမည်

0
144

အောက်တိုဘာ ၂၂
နိုင်လင်းဦး

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်းရှိ ရာသီတုပ်ကွေးဖြစ်ပွားခဲ့သည့် ဒေသများသို့ ဒေါ်ခင်ကြည်ဖာင်ဒေးရှင်း မှ ကျပ်သိန်း ၁၆၀ ကျော်တန်ဖိုးရှိ ပစ္စည်းများ သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ရာသီတုပ်ကွေးပြင်းထန်စွာခံစားခဲ့ရသည့် ဟဟောင်ကျေးရွာ ၊ ဝန်ချက်ကျေးရွာ၊ ရှန်ဟဲနတ်ညိုကျေးရွာ၊ ရှန်ဟဲပေါ်ကွန်ကျေးရွာ၊ လန်းပန်းကျေးရွာ၊ ဟချွန်းဆာကျေးရွာ နှင့် ရန်နောင်စန်ရီကျေးရွာ တို့ရှိ အိမ်ထောင်စု ၆၃၉ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁၀ ပြည် တစ်အိတ်၊ နို့ဆီဘူး ၂ ဘူး ၊ မိုင်လိုအထုတ်ကြီး ၁ ထုပ်၊ ကွေကာအုပ်အထုတ်ကြီး ၁ ထုပ်၊ Family မုန့်ပုံး ၁ ပုံး လှူဒါန်းသွားမည်ဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်နဲ့ ဖြစ်တဲ့နေရာတွေဆီကို ခန္တီးကနေတစ်ဆင့်သွားမယ် ။ အရင်ကတည်းက ခပ်စောစောသွေားဖို့ ရာသီဥတုမကောင်းတဲ့အတွက် ဒီနေ့မှ သွားဖြစ်တာ ။ လှူဒါန်းတာတွေကို အောက်တိုဘာ ၂၄ ရက်နေ့လောက်မှာ ပြုလုပ်သွားမယ်” ဟု သွားရောက်လှူဒါန်းမည့်အဖွဲ့ မှ ကိုအောင်ဆန်းမြင့် က ပြောသည်။

ယင်းဒေသတွင် ဖြစ်ပွားနေသည့် ရောဂါကြောင့် သြဂုတ်လ ၂၅ ရက်နေ့ မှ စက်တင်ဘာလ ၈ ရက်နေ့အထိ သေဆုံးသူ (၇) ဦးရှိခဲ့ပြီး ရောဂါ၏ လက္ခဏာများမှာ ကိုယ်ပူ၊ ချောင်းဆိုး၊ နှာခေါင်းသွေးယို၊ အသက်ရှူကြပ်ခြင်း နှင့်အချို့မှာ ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်း တို့ ဖြစ်သည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် သွားလာရေး ခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် ဒေသဖြစ်သည့်အပြင် ကျေးရွာအုပ်စုတိုင်းတွင် ကျန်းမာရေးဌာနများ ထားပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Leave a Reply