စတော့ ဈေးကွက်တွင် အကောင့်ဖွင့်လှစ်ထားရှိမှု သုံးသောင်းကျော်သာရှိပြီး ရင်းနှီးမြုပ်နှံသူကိုယ်တိုင် ဈေးကွက် ပါဝင်ရန် လိုအပ်နေ

0
43

အောက်တိုဘာ ၂၃
ဝေဝေဖြိုး

စတော့ဈေးကွက်တွင်​ အကောင့်ဖွင့်လှစ်ထားရှိမှု သုံးသောင်းကျော်သာရှိကာ လက်ရှိတွင်​ ဈေးကွက်​​အေးနေသော အနေအထားရှိပြီး ရင်းနှီးမြုပ်နှံသူများ ကိုယ်တိုင် ဈေးကွက်ပါဝင်ရန်လိုအပ်နေသေးကြောင်း ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန် က ပြောသည်။

” စတော့ ဈေးကွက် က အခုလက်ရှိက အေးနေတာ မှန်တယ် ။ အေးတယ်ဆိုတဲ့နေရာမှာ ရင်းနှီးမြုပ်နှံသူ ၃၃၀၀၀ လောက်ပဲ အကောင့်ဖွင့်တဲ့သူ ရှိတယ် ။ အဲ့ထဲကမှ တကယ်လှုပ်ရှားတာက ၁၅ ရာခိုင်နှုန်းပဲ ရှိတယ် ။ အဲ့တော့ ရင်းနှီးမြုပ်နှံသူ ကိုယ်တိုင်ကလည်း ဈေးကွက်ကို ပါဝင်ဖို့ စည်းရုံးရမယ် ။ နောက်ဈေးကွက်ကလည်း တစ်နှစ်ခွဲသားဆိုတော့ တော်တော်လေးကို နုသေးပါတယ်”ဟု ၎င်းကပြောသည်​။

စတော့ဈေးကွက်၌ လက်ရှိတွင် အရောင်းအဝယ်နေ့စဉ် ရှိနေသော်​လည်း ဈေးကွက်တွင်​ တက်ကြွနေသော အနေအထား မရှိသေးသောကြောင့်​ ဈေးကွက် ဖွံ့ဖြိုးလာစေရန်အတွက် ပညာပေး အစီအစဉ် များ မြှင့်တင်လုပ်ဆောင်ရန်လိုအပ်နေသည်​ဟုဆိုသည်​။

ထို့ပြင်​ ရင်းနှီးမြုပ်နှံသင့်သည့် ကုမ္ပဏီ ၊ရင်းနှီးမြုပ်နှံရမည့် အချိန် ၊ ဆုံးဖြတ်ချက် ချမှတ်သင့်သည့် အခြေအနေ ၊ အမြတ်ရရှိနိုင်မှု စသည်တို့ကို သိရှိတွက်ချက်နိုင်မည့် အသိပညာများလည်း လိုအပ်နေသေးကြောင်း ၎င်းကဆိုသည်​။

” ဈေးကွက်ရဲ့ ဝယ်လိုအား ရောင်းလိုအားလို့ ပြောတဲ့နေရာမှာ အားလုံး အခြေအနေ အရပ်ရပ်နဲ့ဆိုင်တယ်။ တိုင်းပြည်ရဲ့စီးပွားရေး ဘယ်လိုလည်း တက်နှုန်းက မြန်နေလား နှေးနေလား တိုင်းပြည်ရဲ့ စီးပွားရေးက အတက်နှုန်းမြန်နေရင် ဒါလည်းပဲ အလိုအလျောက် တက်လာမယ် ။အခုလောလောဆယ် နှေးနေတာ မှန်ပေမယ့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူ ပါလာရင် ရင်းနှီးမြုပ်နှံမှု နိုင်ငံခြားသား ကိုယ့်ထက်အတွေ့အကြုံရှိတဲ့သူ ဖြစ်မယ် ငွေလည်းတတ်နိုင်သူဖြစ်မယ် ။အဲဒါဆိုရင်လည်း တိုးတက်လာ နိုင်ပါတယ်”ဟု ဦးဌေးချွန်က သုံးသပ်​ပြောဆိုသည်​။

မြန်​မာနိုင်​ငံကုမ္ပဏီဥပဒေမှာ စတင်​ကျင့်​သုံးနေပြီ ဖြစ်သော်လည်း စတော့ဈေးကွက်တွင် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုလုပ်ကိုင်နိုင်စေရန်​မှာ ယင်းတို့ ဝင်​လာပါက အကောင့်နှင့် မည်ကဲ့သို့ လက်ခံရမည် ၊ငွေပြန်လွှဲရမည့် ကိစ္စများ စသည့် အကြောင်းအရာများကို ချောမွေ့စေရန် လုပ်ဆောင်နေသည်​ဟုဆိုသည်​။

ယင်းသို့ လုပ်ဆောင်ရန်အတွက်​ ဗဟိုဘဏ်၊ DICA ၊ အခွန် ၊ ရှေ့နေချုပ်ရုံးစသည့် သက်ဆိုင်ရာဌာန အားလုံး ၏ မှတ်ချက်ကို တောင်းခံထားပြီး ယခုကဲ့သို့ နိုင်ငံခြားသား အရောင်းအဝယ်များ ခွင့်ပြုပေးသည်နှင့် စတော့ဈေးကွက်တွင် အရောင်းအဝယ်လည်း တက်လာနိုင်မည်ဟု မျှော်မှန်းထားသည်။

လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်၌ အက်ဖ်အမ်အိုင်အများပိုင်ကုမ္ပဏီ (FMI)၊ မြန်မာသီလ ဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ ( MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ် (FPB)၊ TMHတယ်လီကွန်းအများပိုင်ကုမ္ပဏီအစရှိသည့် အများပိုင်ကုမ္ပဏီငါးခု၏ အစုရှယ်ယာများအား တစ်ရက်လျှင်လေးကြိမ်ခန့် ရှယ်ယာအရောင်းအဝယ် ပြုလုပ်နေခြင်းဖြစ်သည်။

Leave a Reply