နှစ်သစ်ကူးညတွင် ထိခိုက်ဒဏ်ရာဖြင့် ဆေးရုံတက်ရောက်သူ (၆၁) ဦးရှိ (၄) ဦးသေဆုံး

0
180

မန္တလေး ၊ဇန်န၀ါရီ ၁ ၊၂၀၁၈

မန္တလေးမြို့တွင် ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသော ညတွင် ယာဉ်မတော်တဆဖြစ်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက်သူ (၆၁) ဦး ရှိပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄) ဦးရှိကြောင်း မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဋ္ဌာနက သိရသည်။

“သေဆုံးတာက ခိုက်ရန်ဖြစ်ပွားမှုကြောင့်မပါဘူး ။ ယာဉ်မတော်တဆ မှုကြောင့်ပဲပါတယ် ။ ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ Express ကာနဲ့ တိုက်တာ လို့သိရတယ်။ သူတို့ကတော့ သေဆုံးပြီးမှ ရောက်လာတာဖြစ် တယ်” ဟု မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ ဆေးလူမှု ဆက်ဆံရေးဋ္ဌာနမှ တာဝန်ခံ ဦးမင်းလွင် က ပြောသည်။

ထို့အပြင် နှစ်သစ်ကူးညတွင် သာသနိကအဆောက်အအုံများအတွင်း အရက်သေစာသောက်စားမူးယစ်သူ နှင့် မူးယစ်ရမ်းကားသူ (၃၅) ဦးအား ရဲအက်ဖြင့် အရေးယူထားကြောင်း သိရသည်။

“နှစ်သစ်ကူးည ကတော့ ကျုံးဘေးသောက်စားမူးယစ်သူတွေကို အရေးမယူလိုက်ဘူး ။ ဒါပေမယ့် ဘုရားထဲ ဘုန်းကြီးကျောင်းထဲ ရပ်ကွက်ထဲ သောက်စားမူးယစ်သူတွေကိုတော့ အရေးယူတယ် ။” ဟု အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှ ဒုမြို့နယ်မှူး ဒုရဲမှူး ခင်မောင်လွင် က ပြောသည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ် နှစ်ကူးညတွင် ခိုက်ရန်ဖြစ်ပွားမှု နှင့် ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် လူပေါင်း ၃၆ ဦးဒဏ်ရာရခဲ့ကြပြီး ၂ ဦးသေဆုံးခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နိုင်လင်းဦး

Leave a Reply