၂၀၁၇ ခုနှစ်တွင် ယခင်နှစ်ထက် မုဒိမ်းမှုပိုများခဲ့

0
209

ရန်ကုန် ၊ဇန်န၀ါရီ ၁ ၊ ၂၀၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်များအနက် လူသတ်မှုဖြစ်စဉ်များသည် ယခင်နှစ်ကထက် လျော့နည်းခဲ့ပြီး မုဒိမ်းမှု ၄၀ ကျော် ပိုမိုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

“အမှုတည်ဆောက်တဲ့နေရာမှာရဲကဥပဒေနဲ့အညီ မှန်မှန်ကန်ကန် တည်ဆောက်ဖို့လိုတယ်။အချိုက အမှုတွေမှာ ရဲက အမှုတည်ဆောက်တဲ့ အခါကျတော့ ဖမ်းသင့်ဖမ်းထိုက်တဲ့ပါဝင်ပတ်သက်တဲ့သူတွေမပါဘူး။ ရန်ကုန်မြိုက တည်းခိုခန်းတွေမှာ နာရီပိုင်းပဲ ငှားတာတွေ ရှိတယ်။ အဲ့ဒီနာရီပိုင်းနဲ့ငှားတာတွေကိုမတားမြစ်နိုင်ဘူး အရေးမယူနိုင်ဘူး။ အသွင်ယူပြီးတော့ မဖမ်းဘူး။ အဲ့တာတွေကလည်း ရှိတယ်။ ဥပဒေအရ တိတိကျကျ လုပ်ဖို့လိုတယ်။” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင် ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်နှစ်က လူသတ်မှု ၁၈၀ မှု နှင့် မုဒိမ်းမှု ၂၂၉ မှုဖြစ်ပွားခဲ့ပြီးယခုနှစ်တွင် လူသတ်မှု ၁၅၆ မှုနှင့် မုဒိမ်းမှု ၂၇၀ ဖြစ်ပွားခဲ့သည်။

ယခုနှစ် ဖြစ်ပွာခဲ့သည့် မုဒိမ်းမှုနှုန်းမှာ အမှုကြီးဖြစ်သည့် လူသတ်မှု ၁၅၆ မှု ထက် ပိုများနေပြီး မုဒိမ်းမှုနှုန်းမှာ ၂၀၁၆ -၂၀၁၇ ခုနှစ် တွင်းဖြစ်ပွား ခဲ့သည့် အမှုကြီး ၁၀ မျိုးတွင် အများဆုံးဖြစ်နေကြောင်းသိရသည်။

၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မုဒိမ်းမှုများတွင် အရွယ်ရောက်ပြီး ပြုကျင့်ခံရမှု ၈၄ မှု၊ ခိုးယူပေါင်းသင်း၍ ပြုကျင့်ခံရမှု ၁၁၆ မှု၊ သက်ငယ်မုဒိမ်းပြုကျင့်ခံရမှု ၇၀ ဖြစ်ပွားခဲ့သည်။
ထို့ပြင် ၂၀၁၇ ခုနှစ်တွင် အမှုကြီး ၁၀ မျိုးတွင် အပါအဝင် ဖြစ်သော လူသတ်မှု ၁၅၆ မှု၊ လုယက်မှု ၄၅ မှု၊ မုဒိမ်းမှု ၂၇၀ ၊ တိရိစ္ဆာန်ခိုးမှု ၅ မှုတို့အပြင် မတရားအသင်း ၂ မှုတို့ ဖြစ်ပွားခဲ့သည်။
အခြားအမှု ၁၀ မျိုးအနေဖြင့် ၂၀၁၆ ခုနှစ်တွင် စုစုပေါင်း (၁၄၇၃၄) မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ခုနှစ်တွင် (၁၆၀၀၈)မှု ဖြစ်ပွားခဲ့၍ ၂၀၁၆ ခုနှစ်ထက် (၁၂၇၄)မှု ပိုမိုဖြစ်ပွားခဲ့သည်။

ပိုမိုဖြစ်ပွားခဲ့သည့် အမှုများမှာ လိမ်လည်မှု၊ အလွဲသုံးစားမှု၊ လူကုန်ကူးမှု၊ ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူမှု၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့်အရေးယူမှုတို့ပိုမိုဖြစ်ပွား ခဲ့ကြောင်း မှုခင်းစာရင်းများတွင် ထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်တွင် ကြိုတင်ကာကွယ်ဖမ်းဆီးအရေးယူခဲ့သည့်အမှုပေါင်း ၅၂၅၂၄ မှု ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ၄၂၀၀၃ မှုထက် ၁၀၅၂၁ မှု ပိုမိုဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ မှုခင်းများလျော့နည်းကျဆင်းရေး တို့အတွက် ရပ်ရွာနေပြည်သူအခြေပြုရဲလုပ်ငန်းစနစ် (Community Based Policing)ကို ရပ်ကွက်/ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မှုခင်းပညာပေး ဟောပြောခြင်းများ၊ မှုခင်းကြိုတင်ကာကွယ်ရေးအတွက် မော်တော်ယာဉ် လှည့်ကင်း၊ မော်တော်ဆိုင်ကယ်လှည့်ကင်း၊ စက်ဘီး လှည့်ကင်း၊ ခြေလျင်လှည့်ကင်းများဖြင့် စိုးမိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖြိုးဖြိုး

Leave a Reply