ပါကစ္စတန် အမေရိကန်ကို လိမ်လည်လှည့်ဖျားနေကြောင်း အမေရိကန် သမ္မတထရမ့်ပြောဆို

0
192

ဝါရှင်တန် ဇန်နဝါရီ ၂

ပါကစ္စတန်သည် အမေရိကန်ထံမှ နိုင်ငံခြားအကူအညီဒေါ်လာ ဘီလီယံပေါင်းများစွာကို လက်ခံယူနေပြီး တစ်ချိန်တည်းမှာပင် အမေရိကန်ကို လိမ်လည်လှည့်ဖျားနေကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ၂၀၁၈ ခုနှစ် ပထမဆုံး တွစ်တာ ရးသားချက်တွင်ဖော်ပြထားသည်။

ပါကစ္စတန်သည် အကြမ်းဖက်သမားများကို လက်ခံထားကြေင်း ထရမ့်က စွပ်စွဲပြောဆိုခဲ့သည်။ အမေရိကန်က ထောက်ပံ့သော ငွေများကို ထိရောက်စွာသုံးစွဲခဲ့ပြီး တာဝန်ခံမှုအပြည့်ရှိကာ အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်ရှုံးခဲ့သည့်အတွက် ထရမ့်သည် မကျေမနပ်ဖြစ်နေခြင်း ဖြစ်ကြောင်း ပါကစ္စတန်ကလည်း တုံ့ပြန်ပြောဆိုခဲ့သည်။

ပါကစ္စတန်သို့ ၂၀၁၇ ခုနှစ် သြဂုတ်တွင် ပေးပို့ရန်ရှိနေသည့် ဒေါ်လာ သန်း ၂၅၀ ကို မပေးအပ်သေးဘဲ ရွှေ့ဆိုင်းထားရန် အမေရိကန်က စဉ်းစားနေပြီဖြစ်သည်။ အကြမ်းဖက်အဖွဲ့များကို ပါကစ္စတန်စစ်တပ်က နှိမ်နင်းရန် ပျက်ကွက်ခဲ့မှုကြောင့် ယခုကဲ့သို့ ရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်း နယူးယောက်တိုင်းမ်စ်သတင်းစာက ဖော်ပြခဲ့သည်။

“လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုဟာ ပါကစ္စတန်ကို ဒေါ်လာ ၃၃ ဘီလီယံကျော် ရူးရူးမိုက်မိုက်နဲ့ပေးခဲ့မိတယ်၊ ဒါပေမယ့် ပါကစ္စတန်ကတော့ လိမ်ညာမှုကလွဲပြီး ကျန်တာတွေပြန်မပေးဘဲ ကျွန်တော်တို့ခေါင်းဆောင်တွေကို သောက်ရူးတွေလို့ပဲ သတ်မှတ်ခဲ့တယ်” ဟု ထရမ့်က တွစ်တာ၌ ရေးသားခဲ့သည်။

အမေရိကန်ကထောက်ပံ့သည့် ရန်ပုံငွေများကို မည်ကဲ့သို့ သုံးစွဲသည်ကို ပါကစ္စတန်က တိတိကျကျတင်ပြနိုင်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီး ခါဝါဂျာအာဆစ်က ပြောဆိုခဲ့သည်။

ထရမ့်၏တွစ်တာရေးသားမှုနှင့်ပတ်သက်ပြီး ကန့်ကွက်ကြောင်း ပြောဆိုသည့်အနေဖြင့် ပါကစ္စတန်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒေးဗစ်ဟေးလ်အား ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်တွင် ဆင့်ခေါ်ခဲ့သည်။

အမေရိကန်သည် ပါကစ္စတန်အား ရိုင်းစိုင်းမှုနှင့် မယုံကြည်မှုကလွဲပြီး ဘာမှမပေးခဲ့ကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခူရမ်ဒက်စ်ဂီခန်းကပြောဆိုခဲ့သည်။

ပါကစ္စတန်တွင် ခိုအောင်းနေသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ပါကစ္စတန်အစိုးရသည် ရပ်တည်ချက်ပြောင်းလဲခြင်းမရှိ ပါက ရန်ပုံငွေထောက်ပံ့ထားခြင်းကို ပြန်လည်သုံးသပ်ရတော့မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က မကြာသေးမီတွင်ပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

Leave a Reply