ကုန်စည် ၉ မျိုး အညွှန်းများကို မြန်​မာဘာသာဖြင့်​ မဖော်​ပြပါက အရေးယူမည်

0
22

အောက်​တိုဘာ ၂၇
ဝေဝေဖြိုး

ကုန်စည်အမျိုးအစား ၉ မျိုးနှင့်​ပတ်​သက်​သည့်​ အညွှန်းများကို မြန်မာဘာသာဖြင့်​သော်​လည်းကောင်းမြန်မာနှင့်​ အခြားဘာသာ တွဲလျက်​ဖြင့်​သော်​လည်းကောင်း ဖော်ပြရမည်ဖြစ်​ပြီး လိုက်နာခြင်းမရှိပါက အရေးယူမည်​ဖြစ်​ကြောင်း စားသုံးသူအကာအကွယ် ပေးရေးဗဟိုကော်​မတီမှ အောက်​တိုဘာလ ၂၆ ရက်​က ထုတ်ပြန်​ကြေညာခဲ့သည်​။

ယင်း Labelling ကို ဖော်ပြစေမည့် အမိန့်ကြော်ငြာစာ စတင်ထုတ်ပြန်သည့်နေ့မှစ၍ ခြောက်လပြည့်သည့် ၂၀၁၉ ခုနှစ် ဧပြီလ၂၆ ရက်၌ စတင်၍ အာဏာသက်ဝင်မည်ဖြစ်​ပြီး လိုက်နာခြင်းမရှိပါက စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၉ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်​ကြောင်းသိရသည်​။

“လုပ်​ငန်းရှင်​တွေ လိုက်​နာနိုင်​တဲ့ ဦးစားပေး ကုန်​စည်​ ၉ မျိုးကို တစ်​ခုချင်းစီ ထုတ်​ပြန်​ထားတာပါ။သုံးစွဲပုံအညွှန်းမှာလဲ လေ့ကျင့်​ဖို့ပါ။စားသုံးသူတွေ သိရှိစေဖို့ ဖတ်​လိုက်​ရင်​ ဘေးထွက်​ဆိုးကျိုးတွေ ၊ဓာတ်​မတည့်​တဲ့ကိစ္စတွေ ၊သုံးစွဲပုံ၊ အထားအသို ဒီအခြေခံအချက်​တွေကိုတော့ မြန်​မာလိုပါရမယ်​ဆိုတာကို ထုတ်​ပြန်​ပေးတာပါ။ ၂၀၁၄ စားသုံးသူအကာအကွယ်​ပေးရေးဥပဒေရဲ့ ပြဌာန်းချက်​ကို အကောင်​အထည်​ဖော်​ဆောင်​ရွက်​ခြင်းဖြစ်​ပါတယ်​။ ထုတ်​ပြန်​ပြီး ၆ လမှာ အာဏာသက်​ရောက်​မှာပါ ။အဲ့တာကိုမှ မလိုက်​နာဘူးဆိုရင်​ ပုဒ်​မ ၁၉ နဲ့ အရေးယူပါမယ်​”ဟု စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်​ကြားရေမှူး ဦးစိုးအောင်​ကပြောသည်​။

ယင်း Labelling ကို ဖော်ပြစေမည့် အမိန့်ကြော်ငြာစာ စတင်ထုတ်ပြန်သည့်နေ့မှစ၍ (၆)လနောက်ပိုင်း လိုက်နာခြင်းမရှိပါက ဈေးကွက်​ထဲရှိ ပစ္စည်းများကို ပြန်​လည်​သိမ်းဆည်းခိုင်းခြင်းများ ၊ပစ္စည်းများမှာ အန္တရာယ်​ရှိမည်​ဆိုပါက ဖျက်​စီးစေခိုင်းခြင်းများ ၊ လုပ်​ငန်းလိုင်​စင် များကို အမြဲတမ်းပိတ်​သိမ်းခြင်းနှင့်​ ယာယီပိတ်​သိမ်းခြင်းများဖြင့်​ အရေးယူသွားမည်​ဟုဆိုသည်​။

စားသုံးသူကာကွယ်ပေးရေးဥပဒေကို ၂၀၁၄ ခုနှစ်အတွင်း ပြဌာန်းနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အခက်အခဲများစွာ ရှိခြင်းကြောင့် ကုန်စည်များပေါ်တွင် ဖော်ပြရမည့် သုံးစွဲပုံနှင့် ပတ်သက်သည့် သတင်း၊ အချက်အလက် (သို့မဟုတ်) ညွှန်ကြားချက်များကို ထည့်သွင်း ဆောင်ရွက်နိုင်ခြင်းမရှိ၍ ယခုနှစ်အတွင်း၌ အမိန့် ကြော်ငြာစာ ထုတ်ပြန်ပေးရန် လုပ်ငန်းရှင်များ၏ တောင်းဆိုမှုကြောင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

“နောက်​တဆင့်​ထပ်​ထုတ်​ပြန်​မယ့်​ ကိစ္စကတော့ ဌာနစုံပါတဲ့ အဖွဲ့တွေရယ်​ ၊ကုန်​သည်​အသင်းအဖွဲ့ တွေရယ်​ ၊ ညှိနှိုင်းပြီးမှ ထပ်​ဆောင်​ရွက်​မှာပါ။ အခုဆောင်​ရွက်​တာကလဲ ဌာနစုံက ကိုယ်​စားလှယ်​တွေပါတယ်​၊ UMFCCI က ကိုယ်​စားလှယ်​တွေ စားသောက်​ကုန်​အသင်း ၊အရပ်​ဘက်​အဖွဲ့အစည်းက ကိုယ်​စားလှယ်​တွေ နဲ့ နှစ်​ကြိမ်​ဆွေးနွေးပြီးမှ ထုတ်​သင့်​ထုတ်​ထိုက်​တဲ့ ဥပဒေနဲ့ညီညွှတ်​ပြီး လုပ်​ငန်းရှင်​တွေလဲ လိုက်​နာနိုင်​မယ့်​အချက်​တွေကို ရွေးချယ်​ပြီး ထုတ်​ပြန်​တာပါ”ဟု ၎င်းကပြောသည်​။

စီးပွားရေးလုပ်​ငန်းရှင်​သည်​ ကုန်​စည်​များထုတ်​လုပ်​ခြင်း ၊ကုန်​သွယ်​ခြင်းတို့ ပြုလုပ်​ရာတွင်​ စားသုံးသူဘေးကင်း လုံခြုံရေးအတွက်​ ကုန်​စည်​များတွင်​ သုံးစွဲပုံနှင့်​ပတ်​သက်​သော သတင်း ၊အချက်​အလက်​ သို့မဟုတ်​ ညွှန်​ကြားချက်​များကို မြန်​မာဘာသာဖြင့်​သော်​လည်းကောင်း ၊မြန်​မာနှင့်​အခြားဘာသာတွဲလျက်​ဖြင့်​သော်​လည်းကောင်း ဖော်​ပြရ မည်​ဖြစ်​သည်​။

ကုန်စည်များပေါ်တွင် ဖော်ပြရမည့်သုံးစွဲပုံနှင့် ပတ်သက်သည့် သတင်း၊ အချက်အလက် (သို့မဟုတ်) ညွှန်ကြားချက်များကို ကုန်စည်အမျိုးအစား (၉)မျိုးတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်သည်​။

ယင်းကဲ့သို့ ဦးစားပေးကုန်စည်များမှာ အစားအသောက်များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးသုံး ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ ဓါတုဗေဒပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ အစရှိသည်တို့ဖြစ်သည်။

အစားအသောက်များ၌ အချိုရည်နှင့် ယိုမျိုးစုံ၊ နို့နှင့် နို့ထွက် ပစ္စည်းအမျိုးမျိုး၊ အသားနှင့် အသားထွက်ပစ္စည်းအမျိုး၊ အသားနှင့် အသားထွက်ပစ္စည်းအမျိုးမျိုး၊ ဥနှင့် ဥထွက်ပစ္စည်းအမျိုးမျိုး၊ စည်သွပ် အစားအစာအမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုး၊ အသင့်စား ခေါက်ဆွဲထုပ်အမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ အေးခဲအစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ ဟင်းလျာများတွင် အရောင်းအနံ့အရသာအတွက် အသုံးပြုသောပစ္စည်းအမျိုးမျိုး၊ ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုး၊ အသင့်စားအမျိုးမျိုး၊ ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုး၊ ကွမ်းစားဆေးအမျိုးမျိုး၊ ဆေးလိပ်အမျိုးမျိုး၊ ယမ ကာအမျိုးမျိုး၊ အခြားပြုပြင် ထုပ်ပိုး/ထုတ်လုပ်ထားသော စားသောက်ကုန်အမျိုး) စသည်တို့ ပါဝင်ကြောင်း သိရသည်။

အိမ်သုံးပစ္စည်းများ၌ အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရွန်းနစ်ပစ္စည်းအမျိုးမျိုး၊ ကလေးအသုံးအဆောင် ပစ္စည်းများ၌ ကလေးလက်တွန်းလှည်း၊ ကလေးလမ်းလျှောက်ကွင်း၊ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုး၊ ကလေးပုခက်အမျိုးမျိုး၊ ကလေးတစ် ကိုယ်​ရေသန့်​ရှင်းရေးပစ္စည်းအမျိုးမျိုး ၊ဆက်​သွယ်​ရေးသုံး ပစ္စည်းများ၌ ကြိုးဖုန်း သို့မဟုတ်​ ကြိုးမဲ့ဖုန်း​အမျိုးမျိုး ၊ လက်​ကိုင်​ဖုန်း နှင့်​ ဆက်​စပ်​ပစ္စည်းအမျိုးမျိုး ၊ လူသုံးကုန်​ပစ္စည်းများ၌ သွားတိုက်​ဆေးအမျိုးမျိုး ၊ဆပ်​ပြာအမျိုးမျိုး၊ ဆေးနှင့်​ဖြည့်​စွက်​စာများ၌ ဆရာဝန်​ညွှန်​ကြားချက်​မလိုသော အိမ်​သုံးဆေးဝါးအမျိုးမျိုး ၊အာဟာရဖြည့်​စွက်​စာအမျိုးမျိုး ၊ တိုင်းရင်းဆေး အမျိုးမျိုးတို့ပါဝင်​သည်​။

ထို့ပြင်​ ဓာတုဗေဒပစ္စည်းများ၌ စိုက်​ပျိုးရေးသုံး ဓာတ်​မြေသြဇာအမျိုးမျိုး ၊ပိုးသတ်​ဆေးအမျိုးမျိုး ၊စားသောက်​ကုန်​ ၊လူသုံးကုန်​ အလှကုန်​များတွင်​ အသုံးပြုသော ဓာတုပစ္စည်းအမျိုးမျိုး ၊အလှကုန်​ပစ္စည်းများ၌ အလှကုန်​ပစ္စည်းအမျိုးမျိုး ၊ဆံပင်​ပြုပြင်​ရန်​သုံးစွဲသည့်​ ပစ္စည်းအမျိုးမျိုး ၊လုပ်​ငန်းသုံးပစ္စည်းကိရိယာ များတွင် စိုက်​ပျိုးရေးသုံး ပစ္စည်းကိရိယာအမျိုးမျိုး ၊ကျန်းမာရေးအထောက်​အကူပြု အသုံးအဆောင်​ပစ္စည်းအမျိုးမျိုးတို့ပါဝင်​သည်​။

Leave a Reply