ဆေးလိပ်ကုမ္ပဏီက အလုပ်ထုတ်ခံရသည့် အမျိုးသမီးအရောင်းဝန်ထမ်း ၄၀ ကျော် အလုပ်ပြန်လည်ခန့်ထားစေလို

0
192

မန္တလေး ၊ဇန်န၀ါရီ ၂ ၊၂၀၁၈

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် MEVIUS ဆေးလိပ်ကုမ္မဏီက အလုပ်ထုတ်ခံရသည့် အမျိုးသမီးအရောင်းဝန်ထမ်း ၄၀ ကျော်အား အလုပ်ပြန်လည်ခန့်ထား စေလိုကြောင်း ဇန်နဝါရီလ ၂ ရက်နေ့က မန္တလေးစက်မှုဇုန်တွင် ကမ်ပိန်း ပြုလုပ်ခဲ့သည်။ အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများထဲမှ အယောက် ၂၀ ကျော်သည် နစ်နာကြေးရယူခဲ့ပြီး ကျန်ဝန်ထမ်းများအနေဖြင့် နစ်နာကြေး ရယူမည်မဟုတ်ပဲ အလုပ်ပြန်လည်ရလိုကြောင်း သိရသည် ။

“ကျွန်မတို့အနေနဲ့ ဘာလျော်ကြေးမှမလိုချင်ပါဘူး ။ အလုပ်ပဲပြန်လိုချင်တယ် ။ ဒါ့ကြောင့် အလုပ်ထွက်တယ်ဆိုပြီး လက်မှတ်မထိုးခဲ့ဘူး ။ ကျွန်မတို့ကို မိသားစုအဆင်မပြေလို့ အလုပ်ထွက်ပါတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ ကျွန်မတို့ ကိုယ့်တာဝန်ကိုယ်ကျေအောင် အလုပ်လုပ်ခဲ့တယ်။ ဘာအပြစ်မှ မရှိပဲ အလုပ်ထွက်ခိုင်းတယ်။ ကျွန်မတို့ကတော့ အလုပ်ပြန်ရဖို့ အတွက်ပဲ ဆက်လုပ်မယ်” ဟု အလုပ်ထုတ်ခံ ဝန်ထမ်းတစ်ဦးဖြစ်သည့် မယဉ်မွန်မွန်အောင် က ပြောသည်။

အလုပ်ထုတ်ခံရသည့် ဝန်ထမ်း ၂၀ခန့်သည် စက်မှုပန်းခြံလမ်းရှိ အလုပ်သမားအဖွဲ့ချုပ်ရုံးတွင် ဆေးလိပ်မယ်များကို အကြောင်းပြချက်မရှိ အလုပ်မှ ထုတ်ပယ်ခြင်းရပ်တန့်ရေး၊ ဆေးလိပ်မယ်များကို လုပ်ငန်းခွင်ဖိနှပ်မှု ချက်ခြင်းရပ်၊ ဆေးလိပ်ကုမ္ပဏီများကို ဥပဒေနှင့် အညီဝင်ရောက်စစ်ဆေးပေးပါ၊ ဆေးလိပ်မယ်များကို ထိကပါး ရိကပါး မလုပ်ပါနှင့်၊ ဆေးလိပ်မယ်များကို အလုပ်သမားဥပဒေအရခံစားခွင့်ပေးပါ၊ ဆေးလိပ်မယ်များကို လိင်အကြမ်းဖက်မှုမှ ကာကွယ်ပေးပါ စသည့် အချက်များဖြင့် ကမ်းပိန်ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ သိတာက လူအင်အားလျှော့ချတာမဟုတ်ပဲ အေဂျင်စီတစ်ခုကနေ ဝန်ထမ်းတွေခေါ်ထားတယ်။ ဒီဝန်ထမ်းဟောင်းတွေကို ထုတ်ပြီး အေဂျင်စီကသူတွေနဲ့ အစားထိုးတယ်။ အဲဒီလိုပုံစံနဲ့သွားတာပါ။ ဒီဝန်ထမ်း၄၀ကျော်ကို တစ်ပြိုင်တည်းထုတ်တာက ဒါက အပြစ်ရှိလို့ ထုတ်တာမဟုတ်ဘူးဆိုတာသိသာပါတယ်။”ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှုး ကိုသက်နှင်းအောင် ကပြောသည်။

ဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်ရာတွင် ခန္ဓာကိုယ်အလေးချိန်များသည့်အတွက် လျှော့ချသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ဝန်ထမ်းများအနေဖြင့် အလုပ်ထုတ်ပယ်ခံရသည့် အကြောင်းအရင်းကို တိတိကျကျမသိရသေးပဲ The Fifth Wae News မှ ကုမ္မဏီက တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရဖြစ်နေပါသည်။

နိုင်လင်းဦး

Leave a Reply