ရှမ်းပြည်တောင်ပိုင်းက မဲနယ်တောင်ထိပ်ကို တက်ကြမယ်

0
46

မေစု

သဘာဝကိုချစ်လို့ ပဲဖြစ်ဖြစ် ဒေသန္တရဗဟုသုတ ရချင်လို့ပဲဖြစ်ဖြစ် စိတ်အပန်းပြေချင်တာပဲဖြစ်ဖြစ် ဘယ်လိုကြောင့်ပဲ ခရီးသွားသွား ကိုယ့်ဌာနေ ကိုယ့်မွေးရပ်မြေမဟုတ်တဲ့အတွက် ကိုယ့်သွားတဲ့ ဒေသအကြောင်း အဲဒီမှာရှိတဲ့ ဒေသခံတွေ အကြောင်း ဒီဒေသနဲ့ပတ်သက်တဲ့အကြောင်းတွေကို ရသလာက်လေ့လာ ထားသင့်တယ်။ မြန်မာနိုင်ငံထဲသွားတာပဲ။ လေ့လာစရာမလိုပါဘူး ကွာဆိုရင်တော့ ငွေကုန်အချိန်ကုန်ခံပြီး ခရီးမသွားပါနဲ့လို့ အကြံပြုပါရစေ။

ရှမ်းပြည်နယ်တောင်ပိုင်း ကလော ၊ပင်လောင်း၊ အောင်ပန်း ၊ရွာငံ ဆိုတဲ့မြို့လေးတွေဟာ ရာသီဥတုကောင်းပြီး သဘာဝအလှတရားတွေ အရိုင်းဆန်နေတဲ့မြို့တွေထဲက ဒေသမြို့ပြလေးတွေပါ။

ခရီးသွားရာသီဆိုရင် အစီအစဉ်ဆွဲတဲ့အထဲမှာ ဒီအေးချမ်းတဲ့မြို့ လေးတွေ မပါမဖြစ်ထိပ်ဆုံးနားလောက်မှာပါလေ့ရှိတယ်။ တစ်ခါရောက်ဖူးရင် နောက်တစ်ခေါက် ထပ်သွားချင်တဲ့ဒေသလေး။ သူငယ်ချင်းတွေနဲ့ဖြစ်စေ မိသားစုလိုက်ဖြစ်စေ ကုမ္ပဏီက လိုက်ပို့သည်ဖြစ်စေ ဘယ်အစီအစဉ်နဲ့သွားသွား အဆင်ပြေမှာပါ ။ တောတွင်းညအိပ်ပြီး ခရီးကြမ်းနှင်တဲ့ hiking and trekking မှာနာမည်ကြီးတဲ့ဒေသလေးတွေပါ ။

သဘာဝအခြေခံ ခရီးသွားနေရာလေးတစ်ခုဖြစ်တဲ့ မဲနယ်တောင်ထိပ် က စခန်းချခရီးနေရာ Baby Lon Camp က ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နဲ့ ရွာငံ မြို့နှစ်ခုရဲ့ ကြားဒေသနေရာလေးဖြစ်တဲ့ မဲနယ်တောင်ကျေးရွာမှာတည်ရှိပါတယ်။

ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၆၂၃၄ပေ ရှိပြီး ရှမ်းပြည်နယ် တောင်ပိုင်းမှာ ရှိတဲ့ တောင်ကုန်း တောင်တန်းတွေ ထဲမှာမှ ဒုတိယအမြင့်ဆုံး တောင်လို့လည်း ဒေသခံတွေက ထံကနေသိရပါတယ်။

မဲနယ်တောင်ထိပ် Babylon Trekking & Camping Tour ကိုတည်ထောင်သူ ကတော့ ရေမြေတောတောင်ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ ဒီလို ဒေသန္တရ အခြေပြုပြီး ခရီးသွားနိုင်တဲ့နေရာလေးတွေ လိုအပ်တယ်လို့စဉ်းစားမိရာကနေ စတင်၍ လုပ်ငန်းဆောင်ရွက်ခဲ့တယ် လို့လည်းသိရပါတယ်။

ဒီစခန်းချခရီးနေရာလေးက ဧည့်သည်တွေလာရောက် လည်ပတ်နေကြတာဆိုရင် နှစ်နှစ်ခန့်ရှိပြီဖြစ်ပြီး တောင်ပေါ်နေရာကို ပြည်တွင်း၊ ပြည်ပ ခရီးသည်တွေလာရောက်လေ့လာကြတာပါ။

မြန်မာနိုင်ငံမှာတော့ စခန်းချခရီးဆိုတာကို Babylon ကပထမဆုံး စတင်လုပ်ဆောင်တာလည်းဖြစ်ပြီး ဒီခရီးမှာ တောတောင်သဘာဝအလှ ကိုလမ်းလျှောက်ရင်း တောင်တက်ရင်းခံစားမှုများပေးစွမ်းခြင်း အပြင် ယာယီရွက်ဖျင်တဲလေးတွေမှာ အဖွဲ့လိုက် အိပ်စက်အနားယူရင်း မနက်ခင်းနေထွက်ချိန်အလှတရားကိုတောင်ထိပ်ကနေရူစားမယ့်ရသတွေလည်း အပြည့်အဝခံစားနိုင်မှာပါ။

မဲနယ်တောင်ထိပ်ရဲ့ Babylon camp က အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ product innovation ဆုကိုလည်း winner အဖြစ်ပြီးခဲ့တဲ့နှစ်ကရရှိခဲ့တယ်လို့လည်းသိရပါတယ်။

သဘာဝ အလှအပတွေနဲ့ ပြည့်စုံနေတဲ့ မဲနယ်တောင် ထိပ်မှာ တော့ နေဝင်နေထွက်ရှုခင်း အလှတွေ ရယ် အခြားအပန်းဖြေနိုင်စရာ တွေဖြစ်တဲ့ စွန်လွှတ်ခြင်း စက်ဘီးစီးခြင်း နဲ့ တောင်ထိပ်မှာစာဖတ်အနားယူရာနေရာ မီးပုံပွဲပြုလုပ်ရန် နေရာ စသဖြင့်ပြင်ဆင်ထားတာလေးတွေရှိပြီး သဘာဝအလှအပနဲ့ စိတ်အေးချမ်းဖွယ်ရာတွေ မြင်တွေ့သိမြင်နိုင်မှာပါ။

မဲနယ်တောင် ရဲ့ရာဇဝင် ကတော့အမျိုးမျိုး ပြောစမှတ်ပြုကြတာ ဖြစ်ပြီး အလောင်းစည်သူမင်း ကြီးကိုယ်တိုင်တည်ပြီး မဲနယ်တောင်ကျေးရွာလို့ အမည်ပေးထားတဲ့ရွာကနေ တောင်ကိုလည်းမဲနယ်တောင်လို့ ခေါ်ဆိုကြ တာလို့ ဒေသခံတွေဆီ ကနေ သိရပါတယ်။

မဲနယ်တောင်ခြေဘုန်းကြီးကျောင်း ဝင်းအနီးကတည်ထားတဲ့ စေတီကြီးက အလောင်းစည်သူမင်းကြီး ကိုယ်တိုင်တည်ခဲ့တဲ့ ရှမ်းပြည်နယ် က စေတီငါးဆူအနက်က တစ်ဆူဖြစ်ကြောင်းကိုလည်း မဲနယ်တောင်ခြေဘုန်းကြီးကျောင်းအတွင်း သီတင်းသုံးနေထိုင်သည့် ဆရာတော် ဦးဣန္ဒ က မိန့်ကြားပါတယ်။

အလောင်းစည်သူမင်း တည်ထားတဲ့စေတီတော်တွေ ရဲ့ထူးခြားချက်ကတော့ ဌာပနာတိုက်မပါရှိသော လုံးတော်ပြည့် အခေါင်းပိတ်စေတီ တွေဖြစ်တယ်လို့ ဆရာတော်က ရှင်းပြပါတယ်။

နောက်ထပ် မဲနယ်တောင် ရဲ့ ရာဇဝင် ကတော့ရိုးရှင်းလှပါသေးတယ်။ အဝတ်ဖြူများ ဆေးဆိုးရာ မဲနယ်ပင်များ တစ်တောင်လုံး ယင်းအရပ်ဒေသ၌ ပေါက်ခဲ့သဖြင့် မဲနယ်တောင်လို့ခေါ်ဆိုတယ် လို့လည်း ဆရာတော် ဦးဣန္ဒက ကြာသိထားသော မဲနယ်တောင်ရဲ့ အမည်နာမနဲ့ ပတ်သက်တာတွေ ကိုမိန့်ကြားခဲ့ပါတယ်။

ခရီးသွားအပန်းဖြေမှုပုံစံ အမျိုးမျိုးကို ရှာဖွေလာကြတဲ့ ယနေ့ခေတ်မှာ သဘာဝအခြေပြုခရီးသွားလာခြင်း များကိုလည်း နှစ်ခြိုက်လာကြတဲ့သူတွေများလာတာနဲ့ ၂၀၂၁ကနေ ၂၀၂၂အတွင်း မြန်မာပြည်ကိုခရီးသွားဝင်ရောက်မှုတိုးလာနိုင်တယ်လို့ ခရီးသွားလုပ်ငန်း ရှင်တွေက မျှော်မှန်းထားကြပါတယ်။

သဘာဝအလှအပကိုရှာဖွေတဲ့ နိုင်ငံရပ်ခြားခရီးသွားဧည့်သည် တွေအတွက် ဒီCampခရီးကိုကြိုတင်ပြင်ဆင်ထားတာ ဖြစ်သလို ပြည်တွင်းခရီးသွားတွေ အတွက်လည်း ဒီစခန်းချခရီးရဲ့အလေ့အထ တွေကိုရစေချင်လို့ပါ။

Babylon Trekking & Camping Tour အနေနဲ့ကတော့ ပြည်တွင်းရောပြည်ပရော ခရီးသွား ၅၀ နဲ့၅၀ တစ်ဝက်စီ လောက် လာဖို့မှန်းထားတယ်။

ပင်းတယမြို့ နဲ့ ရွာငံမြို့ အနီး မဲနယ်တောင်ကတည် ရှိနေတဲ့အတွက် Trekking & Camping လမ်းလျှောက်တောင်တက်တဲ့ စခန်းချခရီးစဉ်ပြီးဆုံးသွားရင်လည်း တောင်ရဲ့တည်နေရာနဲ့ ၇ လောက်ဝေးတဲ့ ရှမ်းပြည်နယ်၊ ရွာငံဒေသရဲ့ နာမည်ကြီး ရေပြာအိုင် နဲပ တောကျယ်ရေတံခွန်ကိုလည်း သွားရောက်လေ့လာ အပန်းဖြေနိုင်ပါသေးတယ်။

ပြီးရင် ဒေသထွက် အသီးအနှံတွေဖြစ်တဲ့ ထောပတ်သီး၊ လိမ္မော်သီး၊ သဘာဝက ရတဲ့ ပျားရည်စစ်စစ်နဲ့ သစ်ခွတွေကိုလည်း လမ်းတစ်လျှောက် ရောင်းချနေတာတွေကို တွေ့မြင် ဝယ်ယူနိုင်မှာပါ။

ရှမ်းပြည်နယ်တောင်ပိုင်း ရဲ့ရာသီဥတုကောင်းမွန်မှု နဲ့ဒေသခံတွေ ရဲ့ဖော်ရွေပျူဌာမှု တွေကြောင့် သွားပြီးရင်လည်း ထပ်သွားခြင်နေမှာပါ။

နောက်ထပ်အကြံပြုချင်း တာကတော့ ရေမြေတောတောင်နဲ့ ဒေသခံတွေပိုင်တဲ့သဘာဝစိုက်ခင်းတွေ ကဓာတ်ပုံဝါသနာ အိုးတွေအတွက်တော့ အထူးစိတ်ကျေနပ်စေမှာဖြစ်ပြီး ပန်းနှမ်းခင်း ဝါဖန့်ဖန့်တွေထဲ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်တော့ နည်းနည်းလေး သတိပြုကြတာပေါ့နော်။

ပန်းခင်းထဲဝင်တာထက်စာရင် ပန်းခင်းရှေ့တည်းတည့် ကန်သင်းမှာ ထိုင်ရိုက်မယ်ဆိုရင် ဒေသခံတွေခက်ခက်ခဲခဲ စိတ်ပျိုးထားရတဲ့ သီးနှံခင်းတွေလည်းမထိခိုက် သလို ကိုယ်လည်းအလို ဆန္ဒပြည့်မြောက် သလို ပိုလှမှာပါနော်။

Leave a Reply