ကျောက်မဲမြို့တွင် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ခန့်အထိရှိလာ ပြည်နယ်အစိုးရထံသဘာဝဘေးရန်ပုံငွေအသုံးပြုခွင့် တောင်းခံ

0
204

ရန်ကုန် ၊ ဇန်န၀ါရီ ၃ ၊၂၀၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တိုက်ပွဲ များကြောင့် ကျောက်မဲမြို့သို့စစ်ဘေးရှောင်ရောက်ရှိနေသည့် ဦးရေမှာ ၁၀၀၀ခန့်ရှိလာပြီဖြစ်ပြီး ပြည်နယ်အစိုးရထံမှ သဘာဝဘေး ရန်ပုံငွေ အသုံးပြုခွင့်ပေးရန်တောင်းခံထားကြောင်း ကျောက်မဲမြို့နယ်၊ မဲဆန္ဒနယ် (၂)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်က ပြောသည်။

“စစ်ဘေးရှောင်တွေကိုထောက်ပံ့ပေးနိုင်ဖို့အတွက် ရှမ်းပြည်နယ် အစိုးရရဲ့ သဘာဝဘေးရန်ပုံငွေကိုအသုံးပြုခွင့်တောင်း ခံထားပါတယ်။ လွှတ်တော်နားထားတာဆိုတော့ လွှတ်တော်ပိုင်းကတော့ လုပ်ဆောင် နေရတာတော့ မရှိပါဘူး။ နက်ဖြန် ရာသီဥတုသာယာတယ်ဆိုရင် လူကယ်ပြန် ညွှန်ကြားရေးမှူးလာပြီး စစ်ဘေးရှောင်တွေရဲ့အခြေ အနေကို လာရောက် ကြည့်ပြီး ပံ့ပိုးပေးနိုင်ဖို့လုပ်ဆောင် မယ်လို့ သိရပါတယ်”ဟုဦးစိုင်းထွန်းဥာဏ်ကပြောသည်။

ဒီဇင်ဘာလတတိယပတ်မှစတင်၍ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ကျောက်မဲမြို့တွင် ဒီဇင်ဘာ၂၈ရက်နေ့တွင် စစ်ဘေး ရှောင်စခန်း ဖွင့်လှစ်ခဲ့ရခြင်းဖြစ်သည်။

“အခုတိုက်ပွဲတွေထပ်ဖြစ်တာမကြားရတော့ပေမယ့် တစ်ဖက်နဲ့ တစ်ဖက်အင်အားစုနေတဲ့ပုံစံမျိုးဆိုတော့ တိုက်ပွဲကမပြီးပြတ်တဲ့ တိုက်ပွဲမျိုးဖြစ်နေတယ် ။ဒေသခံတွေကလည်း ထပ်ဖြစ်မှာကြောက်လို့ ပြေးလာနေကျတာ”ဟု၎င်းဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့်ကျောက်မဲမြို့နယ် အာပြောင်ကျေးရွာ ၊ နမ့်ဆန်မြို့နယ်ကျောက်ဖြူကျေးရွာနှင့်ကြက်သေ ကျေးရွာတို့မှာဒေသခံ တိုင်းရင်းသားများဖြစ်ပြီးယနေ့ထပ်မံရောက်ရှိလာမည့်အရေအတွက်တိုးလာမည်ဆိုလျှင် စစ်ဘေး ရှောင်ဦးရေမှာပိုမို များပြားလာမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိစစ်ဘေးရှောင်များကို ကျောက်မဲမြို့နယ်နှင့် မိုင်းငေါ့မြို့နယ်ခွဲတွင် စစ်ဘေးရှောင်စခန်းလေးခုဖွင့်လှစ်ထားရှိထားရှိပြီး ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်၍ ကူညီကယ်ဆယ်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းထားကြောင်း ဦးစိုင်း ထွန်းဥာဏ်ကပြောသည်။

“များသောအားဖြင့် နမ့်ဆန်ထဲက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက သူတွေကအဓိကများပါတယ်”ဟု ၎င်းကပြော သည်။

၂၀၁၆ ခုနှစ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSနှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့သို့ စစ်ဘေးရှောင်ဦးရေ ငါးထောင်ကျော်ရောက်ရှိလာခဲ့ကြောင်းသိရသည်။

“လောလောဆယ်တစ်ထောင်ကျော်လောက်ပဲဆိုတော့ ခြေနိုင်လက်နိုင် လုပ်နိုင်တဲ့အနေအထားပေါ့ “ဟု ဦးစိုင်းထွန်းဥာဏ်က ဆိုသည်။

ကိုဥာဏ်

Leave a Reply