ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တစ်စိုက်မတ်မတ် လုပ်ဆောင်ရန် ဝန်​ကြီးဌာနတစ်​ခု ဖွဲ့စည်းခြင်းဖြစ်​ ဟု ဦးသောင်းထွန်းပြော

0
111

နိုဝင်​ဘာ ၁၆
ဝေဝေဖြိုး

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တစ်စိုက်မတ်မတ်လုပ်ဆောင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်​က Lotte Hotel တွင်​ ပြုလုပ်သည့်SAM စီးပွားရေး ထိပ်သီးဆွေးနွေးပွဲကြီး အပြီး မီဒီယာများ၏ မေးမြန်းမှုကို ပြန်​လည်​ဖြေကြားခဲ့ခြင်းဖြစ်​သည်​။

“ဝန်​ကြီးဌာနအသစ်​ဖွဲ့တယ်​ဆိုတာက အခုက ပြုပြင်ပြောင်းလဲမှုတွေ လိုနေတာပါ့နော်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်လည်း ရှိတယ်။ အခြားဝန်ကြီးဌာနတွေလည်း ရှိတယ်။ သို့သော်​လည်း
ရင်းနှီးမြှုပ်​နှံမှုတိုးတက်​မယ်​ဆိုရင်​ တစ်​စိုက်​မတ်​မတ်​လုပ်​ဖို့လိုတဲ့အတွက်​ ရင်းနှီးမြှုပ်​နှံမှုနဲ့ နိုင်​ငံခြား စီးပွားဆက်သွယ်​ရေးဝန်​ကြီးဌာနဆိုပြီးတော့ အကောင်​အထည်​ဖော်​ဖို့လုပ်​နေပါတယ်​။
ဒီဟာကလည်း ရင်းနှီးမြှုပ်နှံမှုပိုမိုဝင်လာအောင် လုပ်တာပေါ့နော်။ဒီဟာကို ဘယ်​သူဦးဆောင်​မလဲဆိုတာ မသိရသေးဘူး ။ လွှတ်​တော်​မှာ ဒီနေ့ဆွေးနွေးနေပါတယ်။လာမယ့်​အပတ်​ အတည်​ပြုတဲ့အခါ​ ဘယ်​သူကဦးဆောင်​မယ်​ဆိုတာ သိရမှာဖြစ်ပါတယ်​​”ဟု ၎င်းကပြောသည်။

လက်ရှိပြည်တွင်း၌ ရင်းနှီးမြှုပ်​နှံမှု လာရောက်​လုပ်​ကိုင်​သည့်​ နိုင်​ငံများအနေဖြင့်​ အခက်အခဲများရှိပြီးယင်းအခက်​အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက်​ ရင်းနှီးမြှုပ်​နှံမှု ဝန်​ကြီးဌာနရှိပါက ပိုမိုလွယ်​ကူသွက်​လက်​မည်​ဖြစ်​သောကြောင့်​ ယင်းနှင့်​ပတ်​သက်​၍ ဝန်​ကြီး ဌာနတစ်​ခု ရှိရန်​လိုသည်​ဟုဆိုသည်​။

အချို့နိုင်​ငံများတွင်​လည်း ရင်းနှီးမြှုပ်​နှံမှု ဝန်​ကြီးဌာန ရှိပြီး ယင်းကဲ့သို့ လုပ်​ဆောင်​ခြင်းအားဖြင့်​ မြန်​မာနိုင်​ငံတွင်​ မကြာမီကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများတိုးတက်​လာမည်​ဟု ယုံကြည်​ကြောင်း ၎င်းကပြောသည်​။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းလိုက်
သော်​လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဖျက်သိမ်းသွားမည်မဟုတ်ဘဲ သီးခြားအဖွဲ့အစည်း အနေဖြင့် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း သိရသည်။

” လောလောဆယ်​က ကော်မရှင်ဆိုတာကတော့ ၀န်ကြီးဌာနပေါင်းစုံကနေ သင့်တော်တဲ့ပုဂ္ဂိုလ်တွေပေါ့နော်​ ပုဂ္ဂလိကကဏ္ဍကလဲပါပါတယ်​။အဲ့ပုဂ္ဂိုလ်​တွေနဲ့(၁၃)ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကလည်း ဆက်ရှိနေမှာပါ။ MICကတော့ အဆိုပြုတဲ့ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်တွေကိုလည်း ကြည့်ကြတယ်။ ဆွေးနွေးတယ်။ နိုင်ငံအတွက် အကျိုးရှိမယ်။ ပတ်ဝန်းကျင်ထိခိုက်မှုလည်းမရှိဘူး။ ပြည်သူလူထူအတွက် အကျိုးရှိမယ်ဆိုရင်တော့ အဲ့အရာတွေကို ခွင့်ပြုတာပေါ့နော်။ အဲ့ဒီအတွက် ကော်မရှင်က ဆက်ရှိနေဦးမှာပါ”ဟု ဦးသောင်းထွန်းက ပြောသည်။

မြန်​မာနိုင်​ငံသို့ လာရောက်​ရင်းနှီးမြှုပ်​နှံမည့်​ ပုဂ္ဂိုလ်​များအနေဖြင့်​ အလားအလာကောင်း မကောင်းကို ကြည့်​ရှု့ကြခြင်းဖြစ်​ရာ သယံဇာတကြွယ်​ဝမှု ၊လုပ်​သားရရှိမှု လွယ်​ကူခြင်း ၊ပထဝီအနေအထားအရလည်း သင့်​တော်​သည့်​ နေရာဖြစ်​သည့်​အတွက်​ လာရောက်​ကြမည်​ဟုမျှော်​မှန်းထားဖြစ်​ပြီး အထူးသဖြင့်​ ကျောက်​ဖြူတွင်​လည်း ရေနပ်​ဆိပ်​ကမ်းလုပ်​ဆောင်​ရန်​ သဘောတူထားပြီးဖြစ်​သောကြောင့်​ လာမည့်​နှစ်​များတွင်​ ပိုမိုရင်းနှီးမြှုပ်​နှံမည်​မှာ သေချာသည်​ဟုဆိုသည်​။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းရန်အတွက် နိုဝင်ဘာလ ၁၂ ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ သ၀ဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်​သည်။

ယင်းပေးပို့ချက်ကို နိုဝင်​ဘာလ ၁၅ရက်​က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခဲ့ကြပြီး ထိုဆွေးနွေးချက်ရလဒ်များကို အတည်ပြု၍ လာမည့်အပတ်၌ ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ၀န်ကြီးဌာနအား တာဝန်ယူလုပ်ဆောင်မည့်သူများကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply