ရန်ကုန်မိုးပျံလမ်းစီမံကိန်း အပိုင်း(၁)အတွက် ဆန်ခါတင် အရည်အသွေး ပြည့်မီမှုလျှောက်လွှာ ၁၂ စောင်လက်ခံရရှိ

0
157

နိုဝင်​ဘာ ၁၆
ဝေဝေဖြိုး

ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်းပြီး Public Private Partnership(PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မိုးပျံလမ်းစီမံကိန်း (YEX)အပိုင်း ၁ အတွက် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများထံမှ ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ (၁၂)စောင်ကို လက်ခံရရှိခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နိုဝင်​ဘာလ ၁၅ရက်​ကထုတ်​ပြန်​ခဲ့သည်​။

ရန်ကုန်မိုးပျံလမ်းစီမံကိန်း(YEX) အပိုင်း(၁)အတွက် ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာများကို နိုဝင်ဘာလ ၁၃ ရက်​နေ့ နောက်​ဆုံးထား တင်သွင်းရန်​သတ်မှတ်ခဲ့ပြီး ယခုအခါ ဆန်ခါတင် အရည်အသွေး ပြည့်မီမှုလျှောက်လွှာ ၁၂ စောင်လက်ခံရရှိကြောင်းကို ကြေညာခဲ့ခြင်းဖြစ်​သည်​။

ယင်းစီမံကိန်းအတွက်​ ကြိုတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ တင်သွင်းသည့် ကုမ္ပဏီများထဲတွင်​ တရုတ်​ကုမ္ပဏီအများစုပါဝင်​ပြီး ပြင်​သစ်​ ၊ကိုရီးယား ၊ဂျပန်​ ၊ဖိလစ်​ပိုင်​ ၊ထိုင်းနှင့်​ မြန်​မာ ဖက်​စပ်​ကုမ္ပဏီများလည်းပါဝင်​သည်​။

ယင်းကဲ့သို့ အရည်​အချင်းပြည့်​မီသော တင်​ဒါအောင်​မြင်​သူများကို နောက်​တစ်​ဆင့်​ဖြစ်​သည့်​ စီမံကိန်းအဆိုပြုလွှာ ကို တင်​သွင်းခွင့်​ပြုမည်​ဖြစ်​ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာထားသည်​။

ဆောက်​လုပ်​ရေးဝန်​ကြီးဌာနအနေဖြင့်​ RFQ တွင်​ပါဝင်​သော အချက်​အလက်​များကို မည်​သည့်​အချိန်​တွင်​မဆို သို့မဟုတ်​ မည်​သည့်​အကြောင်းပြချက်​ဖြင့်​မဆို ပြင်​ဆင်​မွမ်းမံနိုင်​မည်​ဖြစ်​ပြီး မည်​သည်​ သို့မဟုတ်​ အားလုံးသော ကြိုတင်​အရည်​အချင်းစစ်​ လျှောက်​လွှာများကို ငြင်းပယ်​ပိုင်​ခွင့်​ရှိမည်​ဖြစ်​ကြောင်းသိရသည်​။

ရန်​ကုန်​တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်​ ဆွေးနွေးညှိနှိုင်း ပြုလုပ်​မည့်​ ရန်ကုန်မိုးပျံ အမြန်လမ်းမကြီး PPP စီမံကိန်းအပိုင်း(၁)၏ ဒီဇိုင်းကဏ္ဍ ၊အင်​ဂျင်​နီယာပိုင်းဆိုင်​ရာကဏ္ဍ ၊ငွေကြေးပိုင်းဆိုင်​ရာဘဏ္ဍာရေးကဏ္ဍ ၊ဆောက်​လုပ်​ရေးကဏ္ဍ ၊ လုပ်​ငန်းလည်​ပတ်​ခြင်းနှင့်​ ပြုပြင်​ထိန်းသိမ်းမှုကဏ္ဍ အစရှိသည်​တို့ကို လက်​ခံဆောင်​ရွက်​သွားရန်​ စိတ်​ဝင်​စားသူများကို ဆန်ကာတင် အရည်အသွေးပြည့်မှီမှုအတွက်​ ဆောက်​လုပ်​ရေးဝန်​ကြီး ဌာနက စက်​တင်​ဘာလ ၇ရက်​က စတင် ဖိတ်​ခေါ်ခဲ့ခြင်းဖြစ်​ သည်​။

ယင်းစီမံကိန်းသည်​ ရန်​ကုန်​မြို့တွင်း ၊ရန်​ကုန်​ဆိပ်​ကမ်း ၊ရန်​ကုန်​အပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​၊မင်္ဂလာဒုံစက်​မှုဇုန်​နှင့်​ ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းတို့ကို ဆက် သွယ်​​ပေးသွားမည်​ဖြစ်​​ကြောင်း သိရသည်​။

ဆောက်လုပ်ရေးဝန်ကြီးဌာန မှ PPP စနစ်ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်မည့်Yangon Elevated Expressway ရန်ကုန်မိုးပျံ အမြန်လမ်းမကြီး စီမံကိန်း အတွက်ပြည်တွင်း၊ပြည်ပနှင့်​ အကျိုးတူ​ပေါင်းစပ်​ထား​သောကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံလိုသူ အဆိုပြုလျှောက်လွှာ တင်သွင်းသည့် ကုမ္ပဏီ​ပေါင်း (၅၃)ခုရှိ​ပြီး ယင်းကုမ္ပဏီ ၅၃ ခု၏ စာရင်းအား ဇူလိုင်​ ၄ရက်​က ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်​ပြန်​ခဲ့သည်​။

အဆိုပြုလျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီ ၅၃ ခုထဲတွင်​ ပြည်​တွင်းရှိ နာမည်​ကြီးကုမ္ပဏီများအပါအဝင်​ စုစု​ပေါင်း ၁၆ ခုရှိပြီး ပြည်​ပနိုင်​ငံကုမ္ပဏီများထဲတွင်​ တရုတ်​နိုင်​ငံမှ ၁၃ ခု ၊ဂျပန်​နိုင်​ငံမှ ၇ ခု၊ ကိုရီးယားနိုင်​ငံမှ ၄ ခု ၊အိန္ဒိယနိုင်​ငံမှ ၃ ခု ၊ထိုင်းနိုင်​ငံမှ ၂ ခု ၊ တူရဂီနိုင်​ငံမှ ၂ ခု၊ မ​လေးရှားနိုင်​ငံမှ ၁ ခု ၊အင်​ဒိုနီးရှားနိုင်​ငံမှ ၁ ခု ၊ ဖိလစ်​ပိုင်​နိုင်​ငံမှ ၁ ခု ၊ ဗီယက်​နမ်​နိုင်​ငံမှ ၁ ခု ၊ ပြင်​သစ်​နိုင်​ငံ ၁ ခု နှင့်​ မ​လေးရှားနှင့်​မြန်​မာဖက်​စပ်​ ကုမ္ပဏီက ၁ ခုဟူ၍စုစု​ပေါင်း ကုမ္ပဏီ ၅၃ ခုမှ တင်​သွင်းခဲ့သည်​။

Leave a Reply