ခရီးသည်တင်ကားပေါ်မှ စိတ်ကြွဆေးပြား ၅ သောင်းအား ဖမ်းဆီးရမိ

0
165

နိုဝင်ဘာ ၁၆
နိုင်လင်းဦး

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် (၁၆) မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့်က ခရီးသည်တင်ကားပေါ်မှ စိတ်ကြွဆေးပြား ၅ သောင်းအား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

ဖြစ်စဉ်မှာ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း ပူးပေါင်း အဖွဲ့သည် မန်း – ကမ္ဘောဇ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးစီမံချက်အရ ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် လားရှိုး မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် ခရီးသည်တင် မှန်လုံယာဉ်အား ရပ်တန့်စစ်ဆေးရာ ထိုင်ခုံအမှတ် (H/1) နှင့်(H/2)တွင် စီးနင်းလိုက် ပါလာသည့်ခရီးသည် မအေးနန်း (ခ) နာစီဘို (၃၄) နှစ် နှင့် မနာဦး (၁၈) နှစ် တို့ ၂ ဦး အား ခေါ်ဆောင်၍ မှန်လုံယာဉ်၏ ပစ္စည်းထည့်သည့် ဝမ်းဗိုက်အတွင်းမှ ခုံအမှတ် (H1) (H2) လေဘယ်များ တပ်ထားသော အိတ်များအားစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ မအေးနန်း(ခ)နာစီဘို၏ အိတ်အတွင်း ပလက်စတစ်ကပ်ခွာ အိတ်ဖြင့် ထည့်လျက် WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား ၁၅၀ ထုပ်ပေါင်း ၃၀၀၀၀ ပြား၊ လက်ကိုင်ဖုန်း ၁ လုံးတို့အားရှာဖွေတွေ့ရှိခဲ့သည်။

ထို့နောက် မနာဦး၏ အိတ်အတွင်း ဆက်လက်စစ်ဆေးရာ ပလက်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ပြား ၁၀၀ ထုပ်၊ ပေါင်း ၂၀၀၀၀ ပြား၊ လက်ကိုင်ဖုန်း ၁ လုံးတို့အားရှာဖွေတွေ့ရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မအေးနန်း (ခ) နာစီဘို (၃၄) နှစ် နှင့် မနာဦး (၁၈) နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အုန်းချောနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply