“ငြိမ်းချမ်းရေးကော်မရှင် လုပ်ပိုင်ခွင့်အနည်းငယ်သာရှိ” ဟု ပြန်/ဝန်ဟောင်း ဝေဖန်

0
95

ကျော်သူမြင့်
နိုဝင်ဘာ ၁၈

လက်ရှိအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်း ရေးကော်မရှင်သည် ဆုံးဖြတ်ပိုင်ခွင့်မရှိပဲ လုပ်ပိုင်ခွင့်အနည်းငယ်သာရှိဟု ပြန်ကြားရေးဝန်ကြီး ဟောင်း ဦးရဲထွဋ်က ဝေဖန်ပြောဆိုလိုက်သည်။

“အခုလက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးကော်မရှင်က လုပ်ပိုင်ခွင့်နည်းနည်းရှိတယ်။ အရာရာကို သူတို့ က ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြနေရတယ်လို့ ကျွန်တော်စိတ်ထဲမှာခံစားနေရတယ်။ သူတို့မှာ က ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး လုပ်ပိုင်ခွင့်မရှိဘူး။ ဦးအောင်မင်းတုံးက သူကအာမခံလာခဲ့တယ် ဒီကြရင် တပ်မတော်ကို ညှိပြီးတော့ သဘောတူအောင်ပြောနိုင်တယ်။ အခုကော်မရှင်မှာက အဓိက လိုအပ်ချက်က လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့် အာဏာလိုတယ်လို့ ကျွန်တော်မြင်တယ်”ဟု ဦးရဲထွဋ် ကပြောသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များထူထောင်သည့် ပြည်သူ့ပါတီ ရုံးခန်းဖွင့်ပွဲတွင် ဦးရဲထွဋ်က သတင်းမီဒီယာများကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်သိသလောက်တော့ ကျွန်တော်က မျှော်လင့်ချက်သိပ်မထားဘူးဗျ ဒီကနေပြီးတော့မှ သွားပြီးဆွေးနွေးတဲ့ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အစိုးရ၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစု ကြည်က ဘယ်လောက်လုပ်ပိုင်ခွင့် ဘယ်လောက်ဆုံးဖြတ်ပိုင်ခွင့် ပေးလိုက်သလဲဆိုတာမူတည် တယ်။ ကျွန်တော်အခုချိန်ထိ တိုင်းရင်းသားတွေဘက်ကကြားနေရတာတော့ တစ်ခုခုတင်ပြလိုက် လို့ရှိရင် ပြန်ပြီးတော့မှ တင်ပြပါဦးမယ်ဆိုတာမျိုးနဲ့ ကြုံနေတဲ့ အတွက်ကြောင့်မို့လို့ အပေးအယူလုပ် ဖို့ခက်တာပေါ့။ ဟိုတုန်းကတော့ ဦးအောင်မင်းက ဘာပဲပြောပြောလုပ်ပိုင်ခွင့် အတော်များများရှိ တော့ တစ်ချို့ကိစ္စတွေမှာသူကပဲ အာမခံပြီးတော့ ဖြေရှင်းလို့ရတယ်။ အခုကျွန်တော်နားလည်သ လောက်ကတော့ ဒေါက်တာတင်မျိုးဝင်းတို့က အဲ့လိုမျိုးမရှိဘူး။ သူတို့ကိုတင်ပြလိုက်လို့ရှိရင် သူတို့က ပြန်ပြီးတော့ တင်ပြပါအုံးမယ်ဆို တစ်ခါပြန်သွား နောက်တစ်ခါပြန်လာရင် အစကနေပြန်စ အဲ့လိုဖြစ်နေတယ်လို့ တိုင်းရင်းသားတွေဘက်က ကြားတာပေါ့။ အဲ့လိုအခြေအနေမျိုးမှာတော့ ကျွန်တော်ထင်တယ် အဖြေချက်ချင်းရဖို့ ခက်တယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အလွတ်သဘော ဆွေးနွေးလျက်ရှိသည်။

ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ သုံးဖက်ကြားတွင် ယုံကြည်မှုပျောက်ဆုံးနေကြောင်း ၎င်းကဆိုသည်။

“အခု NLD အစိုးရရင်ဆိုင်နေရတဲ့ဟာက အဲ့ပြဿနာပဲလို့ထင်တယ်။ သွားတွေ့တာကတော့ တွေ့တာပဲ ဒါပေမယ့် အဓိကကျတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကြား ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင်တွေကြားမှာ ယုံကြည်မှုနဲ့ ပုဂ္ဂိုလ်ရေးကို အခြေခံတဲ့ အပြန်အလှန်ဆက်ဆံရေးရှိဖို့လိုတယ် အဲ့တာမရှိပဲနဲ့တော့မရနိုင်ဘူး”ဟု ဦးရဲထွဋ်က ဆိုသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုး ထားသည့် ကရင်အမျိုးသားအစည်းအရုံး KNUနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့က လတ်တလောကျင်းပမည့် အစည်းအဝေးများတွင် ပါဝင်မှုခေတ္တရပ်ဆိုင်းထား မည်ဟု ထုတ်ပြန်ကြေညာထားသည်။

Leave a Reply