ကျောက်ဆည် GTI ကျောင်းသားအား ဓါးဖြင့်ထိုးသတ်ခဲ့သူ (၃) ဦး အနက် တစ်ဦးအား သေဒဏ်နှင့် နှစ်ဦးအား နှစ်ရှည်ထောင် ဒဏ်များ ချမှတ်

0
155

နိုဝင်ဘာ ၁၉
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ဖြစ်ပွားခဲ့သည့် အစိုးရနည်းပညာ အထက်တန်းကျောင်းသားအား ဓါးဖြင့်ထိုးသတ်ခဲ့သူ (၃) ဦးအား ကျောက်ဆည်ခရိုင် တရားရုံးတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က အမိန့်ချခဲ့သည်။

အမိန့်မှာ ကိုယ်ထိလက်ရောက် ဓားဖြင့်ထိုးခဲ့သည့် တရားခံ ​အောင်​သူဟိန်းအား​ သေဒဏ်​ချမှတ်​ခဲ့ပြီး၊ ကျူးလွန်​ရာတွင်​ပါဝင်​သူနှစ်​ဦးဖြစ်​​သည့် အလီဘိုင်​(ခ)မင်းခန့်​​ကျော်​အား ထောင်​ဒဏ်​ (၂၁) နှစ်​ နှင့် မင်းချစ်​​အောင်​(ခ)ဖိုးချစ်​အား ​ထောင်​ဒဏ်​ (၂၀) နှစ် ချမှတ်ခဲ့သည်။

“စွဲချက်တင်ထားတဲ့အမှုအရဆိုရင် အကုန်လုံးကို သေဒဏ်ပေးစေချင်တယ် ။ ဖြစ်သွားတဲ့ဖြစ်စဉ်က ကျောက်ဆည်မြို့အတွက် ရုပ်ဆိုးအကျည်းတန်လွန်းတယ်။ အမိန့်ကို ပြင်းပြင်းထန်ထန် ချမယ်ဆိုရင် နောက်လုပ်မယ့်သူတွေလည်း ကြောက်ပြီး မလုပ်ရဲဖြစ်သွားမယ် ” ဟု အမှုအားစောင့်ကြည့်ခဲ့သည့် ကျောက်ဆည်မြို့ခံ ကိုစိုးသီးဟ က ပြောသည်။

ကျောက်ဆည်မြို့ ပြည်လုံးနိုင်ရပ်ကွက် ရန်ကုန် – မန္တလေးလမ်း ဘေးတွင် အလီဘိုင် (ခ) မင်းခန့်ကျော် ၊ အောင်သူဟိန်း နှင့် မင်းချစ်အောင် တို့ က သန့်ဇင်မင်း နှင့် နေမင်းထက် တို့အား ဝိုင်းဝန်းထိုးကြိတ်ပြီး နေမင်းထက် အား ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကာ ကျောက်ဆည်ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားကြောင်း သိရသည် ။

ထိုသို့ ဝိုင်းဝန်းထိုးကြိတ်သည့်အတွက် သန့်ဇင်မင်း က ဝင်ရောက်တားဆီးရာ အမည်မသိ လူ (၃) ဦး က သန့်ဇင်မင်း နှင့် နေမင်းထက် တို့အား ခြေထောက်များဖြင့် ကန်ကြောက် ထိုးကြိတ်ပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့သည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အလီဘိုင် (ခ) မင်းခန့်ကျော် (၂၁) နှစ် ၊ အောင်သူဟိန်း (၂၀) နှစ် နှင့် မင်းချစ်အောင် (၁၉) နှစ်တို့အား ဖမ်းဆီး၍ အလီဘိုင်​(ခ)မင်းခန့်​​ကျော်​အား ရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)/၁၁၄၊ ၃၂၃ အရ လည်း​ကောင်း၊ ​အောင်​သူဟိန်းအားရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)အရလည်း​ကောင်း၊ မင်းချစ်​​အောင်​(ခ)ဖိုးချစ်​အား ရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)/၁၁၄ အရလည်း​ကောင်း အသီးသီး စွဲချက်​တင်​ခဲ့ခြင်းဖြစ်သည် ။

Leave a Reply