SMIDB မှ သတ်​မှတ်​ကာလအတွင်း ချေးငွေ ပြန်​မဆပ်​သူများအတွက်​ ဒဏ်ကြေးတိုးမြှင့်

0
162

နိုဝင်​ဘာ ၂၁
ဝေဝေဖြိုး

အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) မှ လက်ရှိ ချေးငွေကာလအတွက် သတ်​မှတ်​ကာလအတွင်း ချေးငွေပြန်​မဆပ်​သူများကို ဒဏ်ကြေးငွေ တိုးမြှင့်ထားကြောင်းသိရသည်​။

ယခင်နှစ်​က ဒဏ်ကြေးငွေကို ၁ ရာခိုင်နှုန်းသာ ကောက်ခံခဲ့ပြီး ရာခိုင်နှုန်း နည်းနေသောကြောင့် ချေးငွေကို ပုံမှန် ပြန်လည် မဆပ်ကြသည့်အတွက် ယခုကဲ့သို့ ဒဏ်ကြေးငွေကို တိုးမြှင့်ခဲ့ရခြင်းဖြစ်ကြောင်းယင်းဘဏ်၏ အကြီးတန်းအထွေထွေ မန်နေဂျာ ဒေါ်လှလှဝင်းကပြောသည်​။

“ဒဏ်ကြေးက အရင်က ၁ ရာခိုင်နှုန်းပဲ ရှိတယ်။ အဲ့တော့ နည်းနေတော့ သတ်မှတ်ကာလအတွင်းမှာ ပြန်မဆပ်ကြဘဲ ကြန့်ကြာနေတာတွေ ရှိတယ်။ အဲ့ဒါကြောင့်အခု ဒဏ်ကြေးကို နယ်တွေကျတော့ တစ်လကို ဒဏ်ငွေတစ်သောင်း၊ နှစ်လဖြစ်သွားရင် နှစ်သောင်းပေါ့နော် အဲ့လိုသတ်မှတ်ထားတယ်။ အရာရှိတွေကိုကျတော့ တစ်လမသွင်းနိုင်ရင် သုံးသောင်း၊ ဒုတိယအရစ် မသွင်းနိုင်ရင် ခြောက်သောင်း အဲ့လိုသတ်မှတ်ထားပါတယ်။ အဓိက ကတော့ မှန်မှန်ပေးစေချင်တဲ့ စိတ်နဲ့ လုပ်ထားတာပါ” ဟု ၎င်းကပြောသည်​။

ချေးငွေရလိုသူသည် မိမိဌာနမှ ဝန်ထမ်း ၂ ဦး၊ မိသားစုဝင် ၁ ဦး စုစုပေါင်း ၃ ဦး၏ အာမခံထားရှိပေးရန် လိုအပ်ပြီး ချေးငွေ၏ ပြန်လည်ပေးသွင်းငွေကို အမှုထမ်းအနေဖြင့် တစ်လပျက်ကွက်လျှင် တစ်လ ၁၀၀၀၀၊ နှစ်လ ၂၀၀၀၀၊ သုံးလဆိုလျှင် ၃၀၀၀၀ ကျပ် ကောက်ခံမည်ဖြစ်ကာ အရာထမ်းဖြစ်လျှင် တစ်လပျက်ကွက်ပါက ၃၀၀၀၀၊ နှစ်လ ၆၀၀၀၀၊ သုံးလ ၉၀၀၀၀ ကျပ် အစရှိသော ဒဏ်ကြေး ပမာဏာကို ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွက် ချေးငွေ ထုတ်ချေးရာတွင် အရာရှိများကို လစာ၏ ၅ ဆ၊ ဝန်ထမ်းများကို လစာ၏ ၃ ဆ စသည်ဖြင့် ထုတ်ချေးခြင်းဖြစ်ပြီး ပြန်ဆပ်​ကာလကို ၆ လ နှင့်​ ၁ နှစ် သတ်မှတ်ထားကာ သြဂုတ်လ ၂၈ ရက်မှ စတင်၍ အကြွေးကျန်ကင်းရှင်းသည့် ဌာနများသို့ ထုတ်ချေးပေးနေပြီဟုဆိုသည်​။

“အခုလောလောဆယ် ၂၀၁၇ တုန်းက ချေးထားတဲ့ အကြွေးတွေ ကျန်သေးတယ်။ တချို့တွေလည်း ဝန်ထမ်းတွေက မသွင်းနိုင်ကြတာပေါ့နော်။ အဲ့လို ကျန်သေးတဲ့ ဘဏ်တွေကိုကျတော့ ကျွန်မတို့က ချန်ထားသေးတယ်။ ကြွေးကျန်တွေ ကင်းရှင်းသွားတဲ့ ဘဏ်တွေ ဌာနတွေကို စချေးနေပါပြီ။ ကျန်တဲ့ဘဏ်တွေကိုတော့ အကြွေးတွေကို တဖြည်းဖြည်းနဲ့ တောင်းသွားရင်းနဲ့ အကြွေးကြေသွားတဲ့ ဘဏ်တွေကိုပဲ ချေးသွားမှာပါ။ “ဟု ဒေါ်လှလှဝင်းက ပြောသည်​။

ယခင် ချေးငွေရရှိထားသူများနှင့် ချေးငွေအပြည့်အဝ ပြန်လည်ပေးဆပ်ထားသော ဝန်ကြီးဌာနအောက်ရှိ အမှုထမ်း၊ အရာထမ်းများကို တစ်ဦးချင်းချေးငွေ ထုတ်ပေးမည်မဟုတ်ဘဲ အုပ်စုစနစ်ဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကာ ချေးငွေပမာဏကို မြန်မာကျပ်ငွေ ၅၀ ဘီလီယံခန့် သတ်မှတ်ထားကြောင်း သိရသည်။

ယင်းချေးငွေကို တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းဖြင့် လစဉ် အရင်းနှင့်အတိုး ပုံမှန်ပေးသွင်းရမည်ဖြစ်ကာ ချေးငွေ သက်တမ်းမှာ တစ်နှစ်ခွဲကာလဖြင့် ရယူနိုင်မည်ဖြစ်ပြီး ဘဏ်မှ ချေးယူမည့် ပမာဏအပေါ် ကော်မရှင်ခ ၁ ဒသမ ၅ ရာခိုင်နှုန်း ဝန်ဆောင်ခအနေဖြင့် ကောက်ခံသည် ဟုဆိုသည်။

“အခုက ကျွန်မတို့ဘဏ်ခွဲ ၁၉ ဘဏ်ရှိတယ်။ အဲ့ဒီ ၁၉ ဘဏ်ရဲ့စည်ပင်သာယာ နယ်နမိတ်အတွင်းကိုပဲ ဦးစားပေးပြီးချေးတယ်။ ဘာလို့လဲဆိုတော့ တောင်းရတဲ့အချိန်ကျတော့ ကျွန်မတို့မှာ အခက်အခဲတွေရှိတယ်။ လိုက်တောင်းရတာ အဆင်မပြေဘူး။ အခု ရန်ကုန်ကနေဆိုရင် အင်းတိုင်ကလာတယ်၊ ပဲခူးကလာတယ်၊ ခရမ်းကလာတယ်။ ပထမအကြိမ်တုန်းက အဲ့လိုထုတ်ချေးခဲ့တဲ့ အတွက်ကြောင့်မို့လို့ လိုက်တောင်းရတဲ့အခါကျတော့ အဆင်မပြေဘူးလေ။ ချေးတဲ့ငွေက နည်းနည်းရယ် သွားတောင်းရတာ အခေါက်ပေါင်း မရေတွက်နိုင်အောင် ဖြစ်နေတယ်။ ပေးထားတဲ့ ဖုန်းနံပါတ်တွေဆိုတာကလည်း အခုက အမျိုးမျိုးကိုင်နေကြတာဆိုတော့ မမှန်တော့ဘူးပေါ့နော်။ အဲ့တာ့ စည်ပင်သာယာ နယ်နမိတ်ကိုပဲ ဦးစားပေးပြီးချေးမယ်။ ချေးပြီးတော့မှ ကျွန်မတို့ရဲ့ သတ်​မှတ်​ထားတာထက် ပိုလျှံတယ် ဆိုရင် နီးစပ်တဲ့ နေရာတွေကို ထပ်ချေးပါမယ်” ဟု ၎င်းက ပြောသည်။

ယင်းဘဏ်မှ နိုင်​ငံ့ဝန်ထမ်းများသို့ ချေးငွေထုတ်ချေးခြင်းကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရမည့် ချေးငွေများမှ လက်​ရှိချိန်​ထိ ကျန်ရှိနေသေးကြောင်း သိရသည်။

ချေးငွေ လျှောက်ထားလိုသည့် နိုင်ငံ့ဝန်ထမ်းများသည် ယင်းဘဏ်မှ ချေးငွေလျှောက်လွှာ ပုံစံကို ဖြည့်သွင်းရမည်ဖြစ်ပြီး ဘဏ်တွင် Current Account ကို ကျပ်ငါးထောင်ဖြင့် စာရင်းစတင်ဖွင့်လှစ်ရမည် ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် ချေးငွေများကို နိုင်ငံ့ဝန်ထမ်းများအား လစာငွေ၏ ၂ ဆမှ ၃ ဆအထိသာ ထုတ်ချေးရာမှ ယခုနှစ်တွင် အဆတိုးမြှင့် ထုတ်ချေးခြင်းဖြစ်ပြီး အတိုးနှုန်းအနေဖြင့်လည်း ၂ ရာခိုင်နှုန်း လျှော့ချခဲ့ကြောင်း သိရသည်။

SMID ဘဏ်အနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မိတ္ထီလာ၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မူဆယ်၊ ဘားအံ၊ မြဝတီ၊ ပုသိမ်၊ မော်လမြိုင်၊ မြင်းခြံ၊ တောင်ကြီး၊ မန္တလေး၊ စစ်ကိုင်း စသည့်မြို့ကြီး ၁၅ မြို့တွင် ချေးငွေများကို ထုတ်ချေးပေး လျက်​ရှိသည်​။

Leave a Reply