ခေတ်ပေါ်ပစ္စည်းများ လိုချင်မှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြောင့် လူငယ်များ ပြစ်မှုကျူးလွန်မှု ပိုများလာ

0
548

မန္တလေး၊ ဇန်န၀ါရီ ၅ ၊၂၀၁၈

ခေတ်ပေါ်ပစ္စည်းများ လိုချင်မှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြောင့် လူငယ်များ ပြစ်မှုကျူးလွန်မှု ပိုများလာကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောသည်။

“လူငယ်အများစုက ခိုးမှုတွေ ကျူးလွန်နေကြတာကိုတွေ့ရမယ် ။ ဒါဟာ ခေတ်ကာလအရ ခေတ်ပေါ်ပစ္စည်းတွေ လိုချင်တာတွေပါမယ် ။ နောက်ပြီး အလုပ်အကိုင်အဆင်မပြေတာတွေကြောင့် ဒီလိုအမှု အခင်းတွေဖြစ်ပေါ်လာရတာဖြစ်တယ် ။” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က သုံးသပ်ပြောကြားသည်။

မန္တလေးခရိုင်၌ ၂၀၁၇ ခုနှစ်အတွင်း ရဲကျင့်ထုံးဥပဒေ ၅၄ အရ အရေးယူရသည့် ခိုးမှုများဖြစ်သော ရာဇသတ်ကြီးပုဒ်မ ၃၇၉/၃၈၀/၃၈၂ စသည်တို့ကို ကျူးလွန်သူအများစုမှာ အသက် ၁၈ နှစ် မှ အသက် ၂၅ နှစ်ကြားဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းများ အရသိရသည်။

၂၀၁၇ ခုနှစ်အတွင်း ရဲကျင့်ထုံးဥပဒေ ၅၄ အရ အရေးယူရသည့် ခိုးမှုများဖြစ်သော ရာဇသတ်ကြီးပုဒ်မ ၃၇၉/၃၈၀/၃၈၂ စသည်တို့ဖြင့် ဖမ်းစီးရမိသူ စုစုပေါင်း ၁၂၄၄ ဦးရှိကာ အသက် ၁၈ နှစ် မှ အသက် ၂၅ နှစ်ကြား ၆၇၄ ဦး ပါဝင်သည်။ ထို့အပြင် အသက် ၁၈ နှစ်အောက် ကလေး ၁၆၀ လည်း ယင်းပြစ်မှုများကို ကျူးလွန်ကြောင်း တွေ့ရှိရသည်။

ထိုသို့ခိုးမှုများကျူးလွန်ရာတွင် ဆိုင်ကယ် နှင့် ဖုန်း ခိုးမှုအများဆုံးဖြစ်ကာ ဆိုင်ကယ် ၅၁၂ စီး နှင့် ဖုန်း ၄၇၆ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“လူငယ်တွေဖြစ်နေတော့ မှုခင်းပညာပေးမှုတွေကို လူငယ်တွေကြားမှာ လုပ်ဆောင်ပေးနေပါတယ် ။ တက္ကသိုလ်တွေ စာသင်ကျောင်းတွေမှာ အလှည့်ကျ ပညာပေးတာတွေရှိပါတယ် ။” ဟု ဒုရဲမှူးကြီး မျိုးအောင် က ဆက်လက်ပြောသည်။

ထို့အပြင် ကျူးလွန်သူများအနေဖြင့် လက်လုပ်လက်စားများဖြစ်သည့် ပန်းရန် ၊ ဆေးသုတ် စသည့်လုပ်ငန်းများလုပ်ကိုင်သော သူများ ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းများ အရသိရသည်။

နိုင်လင်းဦး

Leave a Reply