ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂါလီများအရေးကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့တွင် ဆန္ဒပြ

0
62

နိုဝင်ဘာ ၂၅
ညိုမှိုင်း

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများအရေးကိစ္စများနှင့်ပတ်သက်၍ အစိုးရကကိုင်တွယ်ဆောင်ရွက်ရာတွင် မမှန်မကန်မှုများ ရှိနေသည့်အတွက် စနစ်တကျဆောင်ရွက်ရန်နှင့် ရခိုင်ပြည်သူတို့၏သဘောထားများကို လိုက်နာရန်ဆောင်းဆိုသည့် ဆန္ဒပြမှုတစ်ခုကို စစ်တွေမြို့တွင် ယနေ့နေ့လည် ၁ နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆန္ဒပြမှုကို စည်းကမ်းထိန်းသိမ်းရေးရဟန်းတော်များနှင့် လူမှုအဖွဲ့အစည်းများပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဘင်္ဂါလီများနှင့်ပတ်သက်သည့် လတ်တလောဖြစ်ပွားနေသော အခြေအနေများကို ပြန်လည်ပြင်ဆင်ပေးရန်အတွက် ဆောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

“ကျွန်မတို့ဆန္ဒပြရတဲ့ အဓိကရည်ရွယ်ချက်က လေးချက်ရှိတယ်။ ရမ်းဗြဲမြို့နယ် ကျောက်နီမော်က ဘင်္ဂါလီတွေကို ကမာန်အတုလုပ်ပြီး မှတ်ပုံတင်ထုတ်ပေးတဲ့ကိစ္စရယ်။ မောင်တောတောင်ပိုင်းမှာ ခိုးဝင်ဘင်္ဂါလီတွေကို နေရာချထားမှု မပြုလုပ်ဖို့ရယ်။ မောင်တောဒေသမှာ ဘင်္ဂါလီတွေကို ကျောင်းဆရာခန့်အပ်မထားဖို့နဲ့ နယ်စပ်ဖြတ်ကျော်ဘင်္ဂါလီတွေကို အစိုးရက အမြန်ဆုံးဖော်ထုတ်အရေးယူပေးဖို့ ဒီလေးချက်ကို တောင်းဆိုတာဖြစ်ပါတယ်။”ဟု ဆန္ဒပြခေါင်းဆောင် ဒေါ်ကျော့စိန်က ပြောသည်။

ဘင်္ဂါလီများနှင့်ပတ်သက်သည့် ယင်းအကြောင်းအရာလေးခုတို့အား အစိုးရအနေနဲ့ပြန်လည်စဉ်းစားပေးရန်အတွက် စည်းထမ်းရဟန်းတော်များနှင့် လူမှုအဖွဲ့အစည်းများက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံသို့ အကြောင်းကြားစာပေးပို့ထားပြီးဖြစ်ကာ တစ်စုံတစ်ရာအကြောင်းပြန်ကြားခြင်းမရှိသည့်အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဒေါ်ကျော့စိန်ကပြောသည်။

လက်ရှိတွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာက ဘင်္ဂါလီ ၃၃၀၆ ဦးကို ကမာန်လူမျိုးအမည်ဖြင့် မှတ်ပုံတင်ထုတ်ပေး ထားခြင်းမှာ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူများဖြစ်သည့်အတွက် ထုတ်ပေးခြင်းဖြစ်သော်လည်း ရခိုင်တိုင်းရင်းသား မျိုးနွယ် စုထဲတွင်ထည့်သွင်းထားမှုကို ကန့်ကွက်ကြခြင်းဖြစ်သည်။

“ဘင်္ဂါလီတွေကို ကမန်အတုလုပ်ပြီး မှတ်ပုံတင်ထုတ်ပေးတဲ့ကိစ္စမှာ အရင်ကလည်း သာဓကတွေရှိခဲ့ဖူးပါတယ်။ ဦးရွှေမောင်တို့လိုပေါ့။ နိုင်ငံသားဖြစ်ပြီး လွှတ်တော်ထိရောက်သွားတယ်။ ဘင်္ဂါလီအရေးတွေကိုပဲ ဦးစားပေးပြီးတော့ အစစအရာရာမှာ ရိုဟင်ဂျာ ဆိုပြီးတောင်းဆိုလာတာတွေရှိခဲ့တယ်။ ဒါမျိုးတွေနောက်ဖြစ်လာမှာစိုးရိမ်တဲ့အတွက် အခုလိုလုပ်ရတာပါ။”ဟု ဒေါ်ကျော့စိန်ကပြောသည်။

ထို့အပြင် မောင်တောတောင်ပိုင်းဒေသမှာ ပင်လယ်ထွက်ပေါက်နေရာဖြစ်ပြီး ရခိုင်တိုင်းရင်းသားများနေထိုင်သည့် ဒေသဖြစ်ရာ နောက်ထပ်အကြမ်းဖက်မှုများဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် အဆိုပါဘင်္ဂါလီများအား ပြန်လည်နေရာ ချထားမှုမပြုလုပ်ရန် ရခိုင်ဒေသခံများက တောင်းဆိုနေခြင်းဖြစ်သည်။

“ဘင်္ဂါလီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့က အမြဲတမ်းစိုးရိမ်နေရပါတယ်။ အချိန်မရွေးအကြမ်းဖက်မှုတွေလုပ်လာနိုင်တယ်။ ရခိုင်သူရခိုင်သားတွေအပေါ်မှာ နိုင်ထက်စီးနင်းအမြဲတမ်းလုပ်ပါတယ်။ ကျွန်မတို့မြေမှာလည်းနေတယ်။ နယ်မြေလုတယ်။ ဘယ်လိုမှမအေးချမ်းနိုင်ဘူး”ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပူးပေါင်းပါဝင်လာသူ ဒေါ်အေးစောသိန်းကပြောသည်။

ထို့နောက် မောင်တောမြို့နယ်အတွင်းက ဘင်္ဂါလီကျောင်းသားများအား ပညာသင်ကြားရန်အတွက် ဘင်္ဂါလီလူငယ် များအား ပညာရေးဝန်ထမ်းအဖြစ် ရခိုင်ပြည်နယ်ပညာရေးဌာနက ခန့်အပ်တာဝန်ပေးရန်ပြင်ဆင်နေခြင်းဖြစ်သည်။

ယင်းသို့အစိုးရပညာသင်ကျောင်းများတွင် ဘင်္ဂါလီကျောင်းသားများအား ပညာသင်ကြားနိုင်ရန်အတွက် ဘင်္ဂါလီလူငယ် များကို ကျောင်းဆရာအဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်ပါက ပိုမိုဆိုးရွားလာနိုင်ကြောင်းနှင့် ယင်းကျောင်းများတွင် နိုင်ငံပညာရေးဝန်ထမ်းများကိုသာ ချထားတာဝန်ပေးအပ်ရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

“ကျွန်မတို့ ရခိုင်ပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပညာတတ်တွေအများကြီးရှိပါတယ်။ အဲဒီနယ်စပ်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ တိုင်းရင်းသားဝန်ထမ်းတွေရဲ့လုံခြုံရေးကိုလုပ်ပေးဖို့အစိုးရမှာတာဝန်ရှိပါတယ်။ အကာအကွယ်မပေးဘဲ ဘင်္ဂါလီတွေကို ကျောင်းဆရာတွေခန့်အပ်ပေးလိုက်မယ်ဆိုရင် အဲဒီနယ်မြေဟာ သူတို့နယ်မြေအဖြစ် သတ်မှတ်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။”ဟု ဆန္ဒပြခေါင်းဆောင်များကပြောသည်။

ဆန္ဒပြတောင်းဆိုပွဲသို့ ရဟန်းသံဃာ ၁၀၀ ခန့်၊ လူမှုအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများပါဝင်ပြီး စုစုပေါင်းအင်အား ၂၀၀ ၀န်းကျင်ခန့်တို့က တောင်းဆိုမှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

Leave a Reply