ငြိမ်းစုစီဥပဒေကိုအယုံအကြည်မရှိ၍ တရားစွဲခံကရင်နီလူငယ်၅ဦး အာမခံမလျောက်ထား

0
183

ဓာတ်ပုံ – Kayan New Generation Youth – KNGY

ရန်ကုန် ၊ ဇန်န၀ါရီ ၅ ၊၂၀၁၈

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ၁၉ (ငြိမ်းစုစီ)ဥပဒေကိုအယုံအကြည်မရှိ၍ ယင်းပုဒ်မ ဖြင့်တရားစွဲဆို ခံထားရသည့် ကရင်နီလူငယ်၅ဦး အာမခံ လျောက်ထားခဲ့ခြင်း မရှိကြောင်း ကယန်းမျိုးဆက်သစ်လူငယ် KNGYမှ ခွန်းအေထန်း ကပြောသည်။

ဒီဇင်ဘာ ၁၉ ရက်က သစ်များတင်ဆောင်လာသည်ဆိုသော တပ်မတော်ရိက္ခာပို့သည့်ကားကို KNPP တပ်ဖွဲ့ဝင်များက တားဆီး ခဲ့မှုကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် KNPP တပ်ဖွဲ့ဝင် သုံးဦးနှင့် အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး အဆိုပါဖြစ်ရပ်ကိုအမှုမှန်ပေါ် ပေါက်ရေးအတွက် ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)က ဒီဇင်ဘာ ၂၂ရက်နေ့က လွိုင်ကော်မြို့တွင် ဆန္ဒထုတ် ဖော်ခဲ့ပြီး ဦးဆောင်သူ ငါးဦးကို ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ဖြင့်တရားစွဲဆိုကြောင်းပြည်နယ် ရဲတပ်ဖွဲ့က နှုတ်အားဖြင့် အသိပေးခဲ့ပြီး ယနေ့ရုံးချိန်းတွင် တရားစွဲဆိုခံလူငယ် ၅ဦးက အာမခံလျောက်ထားခဲ့ခြင်း မရှိကြောင်းသိရသည်။

“ငြိမ်းစုစီဥပဒေမှာ၄၈နာရီကြိုတင်အကြောင်းကြားရတယ်။ အကြောင်းမကြားဘူးဆန္ဒပြတယ်ဆိုပေမယ့် အများပြည်သူ ထိခိုက်နစ်နာအောင်လုပ်ဆောင်တာမျိုးမဟုတ်တဲ့အတွက် ဒီငြိမ်းစုစီကိုအသုံးပြုပြီး တရားစွဲဆိုတာဖမ်းစီးချုပ်နှောင်တာ ကိုအသုံးပြုနေတဲ့အတွက် လူငယ်ငါးဦးက အာမခံမလျောက်ထား တာပါ”ဟုခွန်းအေထန်းကပြောသည်။

ကရင်နီလူငယ်များအား လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့မှူးမှ တရားလိုပြုလုပ်၍တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယနေ့တရားရုံးချိန်းအပြီး လွိုင်ကော်တရားရုံးအချုပ်ထောင်သို့လူငယ်၅ဦးကိုပို့ဆောင်ခဲ့ကြောင်း၎င်းကဆက်လက်ပြောသည်။

ယနေ့နံနက်၉နာရီကျော်အချိန်မှစတင်၍ လူငယ်၅ဦးကို တရားရုံးသို့လိုက်ပါပို့ဆောင်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆန္ဒထုတ်ဖော် သူ ၁၀၀၀ကျော်ခန့်ပါဝင်ခဲ့ကြောင်းသိရသည်။

“ဒီတစ်ခေါက်ကဆန္ဒထုတ်ဖော်တဲ့ပုံစံမဟုတ်ဘူးပေါ့။ ငြိမ်းစုစီ ဥပဒေနဲ့ အညီ ၄၈နာရီကြိုတင်အကြောင်းကြားတာမလုပ်ဘူး။ ကိုယ့်ညီ အကိုရဲဘော်တွေကိုတရားရုံးလိုက်ပို့ရင်း အများပြည်သူကို သိစေချင် တာကြောင့် ဆန္ဒထုတ်ဖော်တဲ့ပုံစံမျိုး ဖြစ်သွားတာပါ”ဟု ခွန်းအေထန်းကပြောသည်။

တရားရုံးသို့လိုက်ပါပို့ဆောင်မှုတွင်တရားမျှတမှုဖော်ဆောင်ရေး ၊ တာဝန်ယူမှုတာဝန်ခံမှုမရှိသည့်အစိုးရအလိုမရှိ ၊ ဥပဒေမဲ့သတ်ဖြတ်မှု အလိုမရှိ ၊ ငြိမ်းချမ်းရေးကိုဖျက်စီးသူ အလိုမရှိ စသည့်ကြွေးကြော် သံများကြွေးကြော်ခဲ့သည်။

ဖမ်းဆီးခံကရင်နီလူငယ်၅ဦးကို ဒုတိယမြောက်ရုံးချိန်းအဖြစ် ဇန်န၀ါရီ ၈ရက်နေ့တွင်ထပ်မံချိန်းဆိုထားသည်။

ကိုဥာဏ်

Leave a Reply