စဥ့်ကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အား အမှုဖွင့် ထားသော်လည်း ဖမ်းဆီးခြင်းမရှိသေး

0
254

မန္တလေး၊ ဇန်န၀ါရီ ၅ ၊၂၀၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊စဥ့်ကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၏ ကားဖြင့် ဆိုင်ကယ်အားတိုက်မိရာ လူတစ်ဦးသေဆုံးခဲ့ပြီးအဆိုပါ ဖြစ်စဉ်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အား အမှုဖွင့်ထားသော်လည်း ဖမ်းဆီးခြင်း မရှိသေးကြောင်း သိရသည်။

စဥ့်ကူးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့် အား လက်ပန်လှကျေးရွာရဲစခန်းတွင် ယာဉ်(ပ) ၁/၂၀၁၈ ပုဒ်မ ၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့်ထားပြီး ပုဒ်မ ၃၀၄ -(က) သည် ရဲစခန်းမှ အာမခံပေး၍မရသော ပုဒ်မတစ်ခုဖြစ်သည်။

“အမှုမှာ တစ်ဖက်က မျက်နှာချင်းဆိုင်တိုက်တဲ့ သူကို ဆေးရုံပို့ထားတယ်။ အမှုအခြေအနေက အမှုတည်ဆောက်စဲဖြစ်တဲ့အတွက် မဖမ်းဆီးသေးတာဖြစ်ပါတယ် ။” ဟု စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ ကျော်အချိန်က လက်ပန်လှ မှ စဥ့်ကူးသို့ မောင်းနှင်လာသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့် (၅၉)နှစ်၏ ကား နှင့် စဥ့်ကူး မှ လက်ပန်လှ သို့ မောင်းနှင်လာသည့် ကိုကောင်းထက် (၁၆)နှစ်၏ ဆိုင်ကယ်တို့ စဥ့်ကူး – လက်ပန်လှကားလမ်း မိုင်တိုင် (၃/၁) မင်းကြီးကုန်းကျေးရွာအနီးတွင် မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ပါသည်။ ယင်းဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းသူ ကိုကောင်းထက်၏ နောက်မှ လိုက်ပါလာသည့် ဖခင်တော်စပ်သူ ဦးနိုင်ဝင်း (၅၂) နှစ်သည် မေးစေ့အောက် ပေါက်ပြဲဒဏ်ရာ ၊ ရင်ဘတ်ဖူးရောင်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်ကတော့ ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားမှာပါ ။ ၃၀၄ (က)နဲ့အမှုဖွင့်ထားပေမယ့် ရဲလုပ်ထုံးလုပ်နည်းအရ ကျွန်တော့်ကို မဖမ်းသေးပါဘူး ။ ဖြစ်တဲ့အချိန်ကလည်း ဟိုဘက်က ဆိုင်ကယ်နှစ်စီး ငြိပြီး ဟန်ချက်ပျက်ပြီး အရှိန်ပြင်းစွာလာတိုက်တာပါ ။” ဟု စဥ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဇော်ဝင်းမြင့်က ပြောသည်။

ထို့အပြင် ဆိုင်ကယ်မောင်းနှင်သူ ကိုကောင်းထက်မှာ နဖူး ၊ နှုတ်ခမ်း ၊ မေးစေ့ တို့တွင်ပေါက်ပြဲဒဏ်များရရှိခဲ့ပြီး ပြင်းထန်သည့်အတွက် စဥ့်ကူးဆေးရုံမှ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို လွှဲခဲ့ပြီး ၎င်းကိုလည်း ပုဒ်မ ၃၃၇/၃၃၈/၃၀၄ – (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply