အောင်ရဲထွေး အသတ်ခံရမှု တရားခံများရုံးထုတ် ရမန်ယူ

0
256

ရန်ကုန် ၊ ဇန်န၀ါရီ ၅ ၊၂၀၁၈

လူမှုကွန်ရက်တွင် ဟာသဗီဒီယိုများတင်ဆက်ရာမှ နာမည်ရလာသော သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုနှင့် ပတ်သတ်ပြီး တရားခံ ၃ ဦးကို ဇန်န၀ါရီလ ၅ ရက်နေ့၌ ပထမဆုံးအကြိမ်ရုံး ထုတ်ရမန်ယူခဲ့ပြီး ဇန်န၀ါရီလ ၁၈ နေ့တွင် ထပ်မံရုံးထုတ်မည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ သိရသည်။

သရုပ်ဆောင် အောင်ရဲထွေးကို ဇန်န၀ါရီလ ၁ ရက်နေ့ နံနက်တွင် သင်္ဃန်းကျွန်းမြို့နယ် ပေါ်ဆန်းမွှေး လမ်းရှိ The One Entertainment ၀င်းအတွင်းပြုလုပ်သည့် ပါတီပွဲတွင် လူတစ်စုက အုပ်စုဖွဲ့ ၀ိုင်းဝန်းထိုးကြိတ် ကန်ကျောက်ခဲ့သဖြင့် အောင်ရဲထွေး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ စွာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆာင်ကာ ဆေးကုသမှုခံယူခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး အောင်ရဲထွေး၏ အစ်ကိုဖြစ်သူ ဦးသန့်ဇင်ဦးက တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ သုဝဏ္ဏ
နယ်မြေရဲစခန်းက (ပ) ၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ် ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး သရုပ်ဆောင်အောင်ရဲထွေးမှာ ဆေးကုသမှု ခံယူခဲ့သော်လည်း ဇန်န၀ါရီလ ၂ ရက်နေ့တွင် ယင်းဒဏ်ရာ များဖြင့် သေဆုံး ခဲ့သည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် ပြောင်းလဲစစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှရဲတပ်ဖွဲ့ဝင်များက စုံစမ်း ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ သန်းထွဋ်အောင်(ခ)သားကြီးမှာ ၃ ရက်နေ့တွင် လာရောက်အဖမ်းခံခဲ့သည်။

၎င်း၏ ထွက်ဆိုချက်များအရ ကမာရွတ်မြို့နယ်၊ လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ)အောင်လေး နှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့ ပါဝင်ခဲ့ကာ The One Entertainment တွင် ပြုလုပ်သော The Space ပါတီပွဲသို့ ရောက်ရှိစဉ် VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားမှာ ယခင်ကခိုက်ရန် ဖြစ်ခဲ့ဖူး သူတစ်ဦး ဖြစ်ကြောင်း သိရပြီး စင်ပေါ်သို့တက်၍ ၎င်း တို့သုံးဦးမှ ဝိုင်းဝန်း ထိုးကြိတ်ခြေထောက်ဖြင့် ကန်ကျောက်ခဲ့သဖြင့် အဆိုပါအမျိုးသားမှာ လဲကျသွားသည်ဟု ထွက်ဆိုခဲ့ကြောင်းရဲမှတ်တမ်းများအရသိရသည်။

အဆိုပါပါဝင်သူနှစ်ဦးဖြစ်သည့် ပြည့်ဖြိုးအောင်(ခ)အောင်လေး (၂၆) နှစ် နှင့် နေကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့ကို ၄င်းတို့၏ မိဘများမှ ရဲစခန်းတွင် ဇန်န၀ါရီလ ၃ ရက်နေ့ည ပိုင်းတွင် လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

ဖြိုးဖြိုး

Leave a Reply