ထားဝယ်အထူးစီးပွားရေးဇုန်အပေါ် ရပ်ရွာလူထုအသံနှင့်​ ရှူဒေါင့်အထွေထွေ အစီရင်ခံစာသစ်​ မိတ်​ဆက်

0
128

နိုဝင်​ဘာ ၃၀
ဝေဝေဖြိုး

ထားဝယ်အထူးစီးပွားရေးဇုန်အပေါ် ရပ်ရွာလူထု၏ အသံနှင့်​ ရှူဒေါင့်အထွေထွေ အစီရင်ခံစာသစ်​ မိတ်​ဆက်​ပွဲကို နိုဝင်​ဘာလ ၂၉ ရက်​က တာမွေမြို့နယ်​ ဖိုးစိန်​လမ်းရှိ Best Western Green Hill Hotel တွင်​ ပြုလုပ်​ခဲ့သည်​။

ယင်းအစီရင်​ခံစာကို ဒေသနေရပ်ရွာလူထု၊ EarthRights International နှင့်​ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA)တို့ပူးပေါင်း၍ အင်္ဂလိပ်​ ၊မြန်​မာ နှစ်​ဘာသာဖြင့်​ ထုတ်ဝေထားခြင်းဖြစ်​ကာ သက်ဆိုင်ရာကို ဖြန့်ဝေသွားမည်​ဖြစ်​ကြောင်း EarthRights International မှ အကြံပေး ဦးဘိုဘိုအောင်​ ကပြောသည်​။

“လက်ရှိမှာတော့ အစီရင်ခံစာကို မိတ်ဆက်တာဖြစ်ပါတယ်​။ ဒေသကလူတွေရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ မူတည်ပြီး ပုံမှန်အနေနဲ့တော့ သက်ဆိုင်ရာကို ဖြန့်ဝေဖို့ရှိပါတယ်။ အခုဆို ထားဝယ်​အထူးစီးပွားရေးဇုန်​ စီမံကိန်းတည်​ထောင်​ဖို့ သဘောတူခဲ့တာ ၁၀ နှစ်​လောက်​ရှိပြီ။မဖြေရှင်းသေးတဲ့ ပြဿနာတွေအများကြီး ကျန်​သေးတယ်​။ မသေချာမရေရာမှုတွေ ၊စိုးရိမ်​သောကတွေကို ဒေသနေလူထုတွေ ဆယ်​စုနှစ်​ တစ်​ခုစာလောက်​ ခံစားခဲ့ကြရပြီးပြီ ။”ဟု ၎င်းကပြောသည်​။

ယင်းစီမံကိန်းကို ဆက်​လုပ်​သည်​ဖြစ်​စေ ၊မလုပ်​သည်​ဖြစ်​စေ စီမံကိန်းကြောင့်​ ဖြစ်​ပေါ်ခဲ့သည့်​ ပြဿနာများကို ဦးစွာဖြေရှင်း၍ ထိခိုက်​နစ်​နာခဲ့သူများအတွက်​ ပြန်​လည်​ကုစားပေးရမည်​ဟုဆိုသည်​။

ထို့ပြင်​ စီမံကိန်းတစ်​ခုပြုလုပ်​မည်​ဆိုပါက ရပ်​ရွာလူထု၏ အမြင်​ကို လေးစားရန်​လိုသလိုဘပွင့်​လင်းမြင်​သာသော ၊တရားမျှတသော လျော်​ကြေးနှင့်​နေရာရွှေ့ပြောင်းမှု လုပ်​ငန်းစဉ်​များမှာ လွန်​စွာအရေးကြီးကြောင်း ၎င်းကထောက်​ပြပြောဆိုသည်​။

“ဒီစီမံကိန်းနဲ့ပတ်​သက်​ပြီး အရေးကြီးဆုံးကတော့ NLD အစိုးရအနေနဲ့ အရင်​အစိုးရလို အမှားမျိုး မလုပ်​မိဖို့ဘဲဖြစ်​ပါတယ်​။ ဒီတိုင်းဒေသကြီးရဲ့ ရှိပြီးသား တန်​ဖိုးကို မြင်​အောင်​ထုတ်​ဖော်​ပြီး ရှေ့လာမယ့်​အလားအလာကို နားလည်​အောင်​လုပ်​ပြီးတော့ ရေရှည်​တည်​တံ့မယ့်​ အစီအစဉ်​မျိုးကို တွေးသင့်​ပါတယ်​။ ပြည်​သူလူထုက ဘာလိုချင်​တာလဲဆိုတာကို ကြားအောင်​နားထောင်​ရင်း အားလုံးပါဝင်​တဲ့ ဖွံ့ဖြိုးရေးလုပ်​ငန်းစဉ်​ဖြစ်​ဖို့ ကောင်းမွန်​တဲ့ ဝန်းကျင်​အခြေနေကောင်းတစ်​ရပ်​ ဖော်​ထုတ်​သွားဖို့လိုပါတယ်​။”ဟု DDA၏ ဒါရိုက်​တာ ဦးသန့်​ဇင်​ကပြောသည်​။

ယင်းအစီရင်ခံစာထဲတွင်​ သတင်းအချက်အလက်ရရှိမှု ၊ အသက်မွေးဝမ်းကြောင်း ၊အလုပ်အကိုင်နှင့်​ လူမှုလိင်ကဏ္ဍ သို့မဟုတ်​ ကျားမကဏ္ဍတို့နှင့်​ ဆက်နွယ်သည့်​ အချက်များကို ရွာသူရွာသားများက တောင်းဆိုထားသည်​။

ယင်းအချက်​ ၄ချက်​တွင်​ ရှင်းလင်းပြီး စနစ်ကျသော တန်းတူညီမျှဖြစ်သည့်​ သတင်းအချက်အလက်များ ၊ ပွင်လင်းပြီး သာတူညီမျှသည့်​ လျှော်ကြေးလုပ်ငန်းစဉ်များ ၊နဂိုမူလအခြေအနေထက် ပိုမိုကောင်းမွန်သည့်​ ပြောင်းရွှေ့မှုများ ၊ ဒေသနေလူထုကို အကျိုးဖြစ်ထွန်းစေမည့်​ အလုပ်အကိုင်ကဏ္ဍနှင့်​ အခြေခံအဆောက်အဦးများတွင်​ ရင်းနှီးမြှုပ်နှံရန်​ ၊ထားဝယ်၏ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ရာထူးကြီးငယ် ၊လူတန်းစား ၊ အသက်အရွယ် လူမှုလိင် သို့မဟုတ်​ ကျားမကဏ္ဍမရွေးအချင်းချင်း ပူးပေါင်းလုပ်​ဆောင်​ရန်​တို့ပါဝင်​သည်​။

“ဒီစီမံကိန်းကို လုပ်​တဲ့အတွက်​ ကျွန်​တော်​တို့ကို ဘာသတင်းအချက်​လက်​တွေပေးဖို့ရှိလဲလို့ တစ်​ခါ မေးဖူးပါတယ်​ ။ကျွန်​တော်​တို့သိချင်​တာက ဒီစီမံကိန်းကို အကောင်​အထည်​ဖော်​မယ့်​အချိန်​မှာ သူ့ရဲ့ စီမံကိန်းအချက်​အလက်​ကို ချပြပါ။ဒီဟာကို အကောင်​အထည်​ဖော်​မယ့်​နေရာမှာ ဌာနေတိုင်းရင်းသားတွေအတွက်​ လွတ်​လပ်​စွာ သတင်းရပိုင်​ခွင့်​ စဉ်းစားပိုင်​ခွင့်​ ဆုံးဖြတ်​ပိုင်​ခွင့်​ သဘောတူရင်​တူတယ်​ မတူရင်​ မတူဘူးဆိုတာကို ပြောချင်​တယ်​။ဒါပေမယ့်​ သူတို့ဆီမှာလဲ ဘာမှမရှိဘူးတဲ့ အစိုးရက လုပ်​ချင်​တာပဲသိတာလေ သူတို့က ဘာကတိမှမပေးနိုင်​ဘူးဆိုတော့ ဒီစီမံကိန်းကို ဘယ်​လိုလုပ်​ လက်​ခံနိုင်​မလဲလေ အများကြီး စဉ်းစားစရာတွေဖြစ်​လာတယ်​”ဟု ဒေသခံ တစ်​ဦးက ပြောသည်​။

ထားဝယ် အထူးစီးပွားရေးဇုန်တည်​ထောင်​ရန်​အတွက် ၂၀၀၈ ခုနှစ်မှစ၍ မြန်မာအစိုးရနှင့်​ ထိုင်းအစိုးရတို့မှ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ခြင်းဖြစ်​ရာ ယခုအချိန်​သည်​ ဆယ်​စုနှစ်​ တစ်​ခုသို့ ရောက်​ရှိခဲ့ပြီဖြစ်သည်​။

ဒေသနေ လူထုဆန့်​ကျင်​ကန့်​ကွက်​မှုနှင့်​ ရင်းနှီးမြှုပ်​နှံမှုအခက်​အခဲတို့ကြောင့်​ ယင်းစီမံကိန်းကို ၂၀၁၃ ခုနှစ်​တွင်​ မြန်​မာအစိုးရဘက်​မှ ဆိုင်းငံ့ထားခဲ့သော်​လည်း အစိုးရ၏ အစီရင်​ခံစာများနှင့်​ စီမံကိန်းအကောင်​အထည်​ဖော်​သူများမှ ယင်းစီမံကိန်းကို မကြာမီ ပြန်​လည်​စတင်​မည့်​ အရိပ်​အယောင်​များ ပြသလျက်​ရှိကြောင်းသိရသည်​။

ထားဝယ်​အထူးစီးပွားရေးဇုန်​စီမံကိန်းသည်​ မြန်​မာနိုင်​ငံ တွင်​ သဘာဝပတ်​ဝန်းကျင်​ဆိုင်​ရာဥပဒေ ၊နည်းဥပဒေများ လျော့ချခြင်း ၊ အခွန်​လျော့ချရန်​ ကမ်းလှမ်းခြင်းများနှင့်​အနည်းဆုံးလုပ်​ခလစာအတွက်​ လိုအပ်​ချက်​များကို လျော့ချပေးခြင်းဖြင့်​ စီးပွားရေးလုပ်​ငန်းများအား ဆွဲဆောင်​ရန်​ စီမံထားသော အထူးစီးပွားရေးဇုန်​ သုံးခု အနက်​ တစ်​ခု အပါအဝင်​ဖြစ်​သည်​။

Leave a Reply