မူဆယ်​နယ်​စပ်​နှင့်​ကမ္ဘာ့ဆန်​ဈေးကွက်​မှ ဆန်​ဝယ်​လိုအား လျော့ကျမှုကြောင့်​ ဆန်​ကြမ်းဈေးနှုန်းကျဆင်း

0
97

ဒီဇင်​ဘာ ၆
ဝေဝေဖြိုး

မှုဆယ်နယ်စပ်ဆန်ဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်မှ ဆန်ဝယ်လိုအား လျှော့နည်းနေမှုကြောင့် ပြည်တွင်းဆန်​ဈေးကွက် အတွင်း ဆန်ကြမ်းဈေးနှုန်းများ ကျဆင်းနေကြောင်း ဆန်ကုန်သည်များ ထံမှသိရသည်​။

“ကမ္ဘာ့ဆန်ဈေးကွက်ကလဲ ဆန်ပိုတဲ့အချိန်ဖြစ်နေတယ် ။လာမယ့်​ ရေကျနောက်စိုက်တို့၊နွေစပါးတို့ပေါ်လာမယ်။ မတ်လကုန်၊ ဧပြီမှာ ပေါ်လာမယ့်​ဟာရယ်။ ဒီဇင်ဘာလကုန်၊ ဇန်နဝါရီလ ဒုတိယပတ်လောက်မှာ ပေါ်လာမယ့်​ ရေကျနောက် စိုက်တွေ အများကြီးထပ်ဝင်လာဦးမယ်။ အဲ့ဒီအခြေအနေ တွေကြောင့် ဆန်ပြည်တွင်းဈေး အကျဘက်ကိုပဲ သွားနိုင်တယ်” ဟု မြန်​မာနိုင်​ငံဆန်စပါးအသင်းချုပ်မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင် ကပြောသည်။

လက်​ရှိတွင်​ ဆန်အသစ်ပေါ်ချိန်ဖြစ်ပြီး၊ ပြည်ပဆန်တင်ပို့မှုမှာလည်း ယခင်​နှစ်ဖြင့် နှိုင်းယှဉ်လျှင် ပမာဏများစွာ လျှော့ကျခဲ့ခြင်းကြောင့် ပြည်တွင်းတွင် ဆန်လက်ကျန် ပမာဏများလာနိုင်ရာ ပြည်တွင်း ဆန် ကြမ်းဈေးနှုန်းမှာ အကျဘက်သို့သာ ဦးတည်နိုင်သည်​ဟုဆိုသည်​။

ယခင်​နှစ်​က ပြည်​ပသို့ ဆန်​တန်​ချိန်​ ၃ ဒသမ ၆ သန်းခန့်​ တင်​ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင်​ ၁ ဒသမ ၇ သန်း ခန့်​သာ တင်ပို့နိုင်မည်​ဖြစ်​သောကြောင့်​ ပြည်တွင်း၌ အနည်းဆုံး ဆန်​တန်​ချိန်​ တစ်​သန်းခန့်​ ကျန်ရှိမည်​ဟု ယူဆကြောင်း ၎င်းကဆိုသည်​။

“အခုတင်​ပို့ပြီးတဲ့ တန်​ချိန်​က နိုဝင်​ဘာလအထိ ၁၂သိန်း ၇သောင်း ၈သောင်း လောက်​ပဲရှိပါသေးတယ်​။ ကျွန်​တော်​တို့ရဲ့ ဘတ်​ဂျက်​ကာလနဲ့တွက်​ရင်​ ၄လပဲ ကျန်​တော့တယ်​ တစ်​လ တစ်​သိန်းပို့နိုင်​ရင်​တောင်​ ၁ ဒသမ ၇ သန်း လောက်​ပဲ တင်​ပို့နိုင်​မယ်​လို့ ခန့်​မှန်းလို့ရပါတယ်​။ဒါကနယ်​စပ်​ပြန်​မဖွင့်ခင်​ပေါ့နော်​ ၊အခု တရုတ်​ပြည်​နယ်​စပ်​အခြေနေက တော်​တော်​လေး တင်းတင်းကြပ်​ကြပ်​ပိတ်​ထားတဲ့ အတွက်​ သွားလို့မရဘူးဖြစ်​နေတယ်​။”ဟု ဦးလူမော်​မြင့်​မောင်​ကပြောသည်​။

ယင်းကဲ့သို့မူဆယ်ဆန်ဈေးကွက်နှင့် ကမ္ဘာ့ဆန်ဝယ်လိုအား ဆက်လက်လျော့ကျနေမည်ဆိုပါက ပြည်တွင်း ဆန် ဈေးကွက်တွင် အခက်အခဲနှင့် ရင်ဆိုင်လာနိုင်​မည် အခြေအနေတွင် ရှိနိုင်သည်ဟုဆိုသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပဆန်နှင့်ဆန်ကွဲတင်ပို့နိုင်မှုမှာ တန်ချိန် ၃သန်းခွဲကျော်ထိရှိခဲ့ပြီး ယခုနှစ်တွင် ၁ ဒသမ ၇ သန်းခန့်သာ တင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်က ခန့်မှန်းထားသည်​။

“တရုတ်​နိုင်​ငံဘက်​ကို ဆန်​သွားတာက မနှစ်​က ကာလတူနဲ့စာရင်​ အများကြီးလျော့နေတယ်​ မြန်​မာဘက်​က ဘာမှကန့်​သတ်​တာမရှိဘူး တရုတ်​ဘက်​က အဝယ်​နည်းတာ အဝယ်​နည်းရခြင်းက တရုတ်​ဘက်​မှာ တရားမဝင်​ကုန်​သွယ်​မှုတွေကို တားဆီးနေတာကြောင့်​ပါ။မနှစ်​က ဒီချိန်​ဆို ၁လကို ၂သိန်းလောက်​ပို့တယ်​ ခုက ၈သောင်း ၉သောင်းလောက်​ပဲပို့တယ်​ အရင်​က ၁ရက်​ကို ၅ ထောင်​ ၆ထောင်​လောက်​ပို့တာ ခုက ၁ရက်​ကို ၂ထောင်​ ၃ထောင်​လောက်​ပဲပို့တယ်​။”ဟု မြန်​မာနို​င်​ငံဆန်စပါး အသင်းချုပ်​မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်​သန်းဦးက ပြောသည်​။

ယခင်က တရုတ်နိုင်ငံ မှုဆယ် နယ်စပ်ကုန်သွယ်ရေးမှ တစ်နေ့လျှင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၅၀၀၀ မှ ၆၀၀၀ ကြားတင်ပို့နေသော်လည်း လက်ရှိတွင် တန်ချိန်​ ၁၀၀၀ မှ ၁၅၀၀ ခန့်သာသွားနေကြောင်း ယင်းအသင်းမှ သိရသည်။

ပြည်​တွင်းဆန်​ဈေးကွက်​တွင်​ အောက်တိုဘာလအတွင်းက ၂၅မတ်ဆန် ဧည့်မထတစ်အိတ်လျှင် ကျပ် ၂၂၇၀၀ ထိရှိခဲ့ရာမှ ဒီဇင်ဘာလ ၄ရက်တွင် ၁၈၉၀၀မှ ၁၉၀၀၀ ထိ ဈေးပြန်လည်​ကျဆင်းခဲ့ပြီး၊ အောက်တိုဘာလအတွင်းက ၅ မတ်ဆန် ဧည့်မထ တစ်အိတ်လျှင် ကျပ် ၂၅၀၀၀ ထိရှိခဲ့ရာမှ ဒီဇင်ဘာလ ၄ ရက်တွင် ၁၉၉၀၀ မှ ၂၀၀၀၀ထိ ဈေးပြန်လည်​ကျဆင်းခဲ့ကြောင်း ဆန်စပါးကုန်စည်ဒိုင် ဘုရင့်နောင်(ရန်ကုန်)မှထုတ်ပြန်ထားချက်အရ သိရသည်။

Photo : China Peole Daily

Leave a Reply