“ရေအားလျပ်စစ်စီမံကိန်းများ ဒေသခံများသဘောမတူပါက ဆောင်ရွက်မည် မဟုတ်” ဟု ကယားပြည်နယ် သဘာဝပတ်ဝန်းကျင် ဝန်ကြီးပြော

0
26

ဒီဇင်​ဘာ ၆
ဝေဝေဖြိုး

ကယားပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင် ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်းများကို လုပ်ငန်းရှင်များမှ စမ်းသပ်တူးဖော် မှုများရှိသော်လည်း ဒေသခံပြည်သူများ သဘောတူညီခြင်းမရှိပါက ဆောင်ရွက်သွားမည်မဟုတ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၊ ရေအားလျှပ်စစ်စီမံကိန်း များနှင့် ပတ်သက်၍ ယခင်အစိုးရလက်ထက်တွင် လည်းကောင်း၊ လက်ရှိအစိုးရလက်ထက်တွင် လည်းကောင်း သံလွင်မြစ်၊ နန့်ပွန်ချောင်း၊ နန့်တဘက်ချောင်းတို့အပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် စမ်းသပ်တူးဖော်မှုများရှိသော်လည်း ဒေသခံပြည်သူများ လက်သင့်မခံ၍ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခြင်းမရှိခြင်း ကြောင့် ယင်းစီမံကိန်းများကို အကောင်အထည်ဖော်မည်ဆိုပါက ဒေသခံပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သင့်သည်​ဟုဆိုသည်​။

“အရင်အစိုးရကလည်း ကောင်းမယ်ထင်လို့ လုပ်တာပဲ။ ကျွန်တော်တို့လည်း ကောင်းမယ်ထင်လို့ လုပ်တာပဲ။ ဒါပေမဲ့ ထိခိုက်မှုကတော့ အနည်းအပါးရှိမှာပဲ။ ဒါက အခုခေတ်မှာ အကောင်အထည်ဖော်ရင် နည်းပညာတိုးတက်လာပြီ။ သူတို့က အပေးအယူ၊ အလျော်အစားတော့ရှိမှာပေါ့ ။ လျှပ်စစ်ဓါတ်အား ထုတ်မယ်ဆိုရင် ဝင်ငွေက ဒီလောက် ရှိတယ်၊ ပစ္စည်းကုန်တာ ဒီလောက်ရှိမယ်ဆိုတာသေသေချာချာရှင်းပြနိုင်ဖို့က ကျွန်တော်တို့ ကယားပြည်နယ်မှာ အဝေးကြီးလိုသေးပါတယ်။” ဟု ၎င်းကပြောသည်​။

ကယားပြည်နယ်ရှိ ဒေသခံပြည်သူများသည် ပညာရှင်များ မဟုတ်သောကြောင့် ယင်းစီမံကိန်းများနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေပြီး ယင်းကိစ္စရပ်ကို တဖြည်းဖြည်း နားလည်လာပါက ဒေသခံပြည်သူများအနေဖြင့် လုပ်ကိုင်ခွင့် ပြုမည်ဟု ထင်မြင်ကြောင်း ၎င်းကဆိုသည်​။

ယခုနှစ် နိုဝင်ဘာလအတွင်းက ကယားပြည်နယ်အစိုးရအဖွဲ့မှ ကန်ပက်ချောင်းတွင် ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ လာရောက်လုပ်ကိုင်လိုသည့် တရုတ်ကုမ္ပဏီတစ်ခုကို နေ့ချင်းပြီး ထောက်ခံပေး၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပေးထားပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဒေသခံပြည်သူများကို ထိခိုက်မှုအနည်းဖြစ်အောင် ဒီဇိုင်းရေးဆွဲ ဆောင်ရွက်သွားမည်ဟု ပြောကြားထားကြောင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဒေသခံဖြစ်သူ ဦးကျော်ထင်အောင်က ပြောသည်။

“ကုမ္ပဏီကနေ လာတွေ့လိုက်တာနဲ့ နေ့ချင်းပြီး ပြည်ထောင်စု အစိုးရကို တင်ပြတာက မှားယွင်းတဲ့ လုပ်ဆောင်ချက်လို့ ဝေဖန်ထောက်ပြ လိုပါတယ်။ ပြည်ထောင်စုကနေ ပြန်တော့မကျလာသေးဘူးဆိုတဲ့ အနေအထားမှာ လုပ်ကိုင်မယ့်​ တရုတ်ကုမ္ပဏီကို အရည်အသွေး ပိုင်းဆိုင်ရာအရ ယုံကြည်မှုတော့မရှိဘူး။ အဲ့ဒါကြောင့် ဒေသခံတွေကို ပြည်နယ်အစိုးရက ဦးဆောင်ပြီးတော့ပဲဖြစ်ဖြစ်၊ ကုမ္ပဏီဘက်ကပဲဖြစ်ဖြစ် သဘောထားရယူတာတွေ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချပြဆွေးနွေးတာတွေ သိုလှောင်မယ့်​ ရေဝပ်ဧရိယာ ဘယ်လောက် ဆိုတာ လူထုသိအောင် ချပြသင့်တယ်လို့ သုံးသပ်ပါတယ်။” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်း လေ့လာကာ ဒေသခံပြည်သူလူထုများ၏ သဘောထားကိုကောက်ခံထားခြင်း မရှိသေးသည့် ကာလအတွင်း ပြည်ထောင်စုအစိုးရသို့ ပြည်နယ်အစိုးရမှ ပံ့ပိုးမှု မပြုလုပ်သင့်သလို ယင်းစီမံကိန်းဧရိယာအတွင်းရှိ ဒေသခံပြည်သူများ၏ သဘောထားမှတ်ချက်နှင့် စီမံကိန်း၏ ဆိုးကျိုး၊ ကောင်းကျိုးတို့ကို လေ့လာဆန်းစစ်ထားသော အစီရင်ခံစာအား ချပြဆွေးနွေးသင့်သည်​ဟုဆိုသည်​။

ကယားပြည်နယ်သည် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ဧရိယာအကျယ်အဝန်း အနည်းဆုံးဒေသဖြစ်ပြီး ရေအားလျှပ်စစ်စက်ရုံ အများအပြားရှိသော်လည်း လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများစွာရှိနေသေးကြောင်းသိရသည်​။

“အရင်အစိုးရလက်ထက်က ပွန်ချောင်းမှာ တည်ဆောက် ဖို့ရာ ဒေသခံတွေ ကန့်ကွက်မှုကြောင့် ယာယီရပ်ဆိုင်းခဲ့ တာရှိတယ်။ အစိုးရသစ်လက်ထက်မှာ မလုပ်ဘူးလို့ပြောပေမယ့်​ ကုမ္ပဏီတွေဘက်က ကျန်တဲ့နေရာတွေမှာ စမ်းသပ်နေတာတွေရှိတယ်။ အဲ့ဒီအပေါ်မှာလည်း ဒေသခံပြည် သူလူထုတွေက စိုးရိမ်မှုတွေရှိကြတယ်။ အဲ့ဒီအတွက်ကြောင့် ပွန်ချောင်းမှာက လက်ရှိလုပ်ကိုင်နေတဲ့ ပုံစံလေ့လာနေဆဲ ဖြစ်ပါတယ်။” ဟု ဦးကျော်ထင်အောင်က ပြောသည်။

ရေအားလျှပ်စစ်စီမံကိန်းများကြောင့် ယင်းစီမံကိန်းပတ်ဝန်းကျင်ဒေသအနီး ရေဝပ်ဒေသဧက များလာခြင်း၊ စိုက်ပျိုး ဧရိယာများ ပျက်စီးဆုံးရှုံးခြင်း၊ သမိုင်းဝင်နေရာများရှိပါက ယင်းနေရာများ ပျက်စီးပျောက်ကွယ်နိုင်ခြင်းနှင့် ရေလမ်းကြောင်း ပြောင်းလွှဲမှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့် စိုက် ပျိုးမြေများအတွက် ရေလုံလောက်စွာမရရှိနိုင်ခြင်း စသည့် ဆိုးကျိုးများဖြစ်ပွားနိုင်ကြောင်း သိရသည်။

ထို့ပြင်​ ကယားပြည်နယ်အတွက် လောပိတရေအား လျှပ်စစ်စက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓါတ်အားဖြင့် လုံလောက်နေပြီဖြစ်သောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် ကယားပြည်နယ်အတွင်း ရေတာကာစီမံကိန်းများ တည်ဆောက်ခြင်းကို လိုလားခြင်းမရှိကြောင်း သိရသည်။

ကယားပြည်နယ်တွင် ပြည်နယ် တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းဝန်းကျင်မှာ လျှပ်စစ်မီးရရှိနေပြီဖြစ်ကြောင်း သိရသည်။

Leave a Reply