ကားမောင်းရင်း ဖုန်းပြောသော တရုတ်နိုင်ငံသားကို အရေးယူ

0
211

မန္တလေး ၊ ဇန်န၀ါရီ ၆ ၊၂၀၁၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၈ လမ်း နှင့် ငုရွှေဝါလမ်းဆုံတွင် တရုတ်နိုင်ငံသားတစ်ဦးသည် ကားမောင်းနေစဉ် ဖုန်းပြောခြင်း နှင့် ယာဉ်ထိန်းရဲ၏ လက်အချက်ပြမှုကို မလိုက်နာခြင်းတို့ကြောင့် မော်တော်ယာဉ်ဥပဒေ ၊ လဝက အက် ဥပဒေ တို့ဖြင့် အရေးယူထားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၄ ရက်နေ့က ကျင်းပသည့် မြို့တော်ဝန် မီနီမာရ သွန်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦးက ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်နေစဉ် TOYOTA TownAce ကားမောင်းနှင်လာသူ တရုတ်နိုင်ငံသား Huaung Cong (၃၃) နှစ်သည် ကားမောင်းနေစဉ် ဖုန်းပြောခြင်း နှင့် ယာဉ်ထိန်းရဲ၏ လက်အချက်ပြမှုကို မလိုက်နာခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့အတွက်ကြောင့် မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၆၅ ဖြင့်အရေးယူခဲ့ရာ ဇန်နဝါရီလ ၅ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်တရားရုံး၌ ဒဏ်ငွေ (၅၀၀၀)ကျပ် ပေးဆောင်ရန်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည် ။

“နိုင်ငံခြားသားတွေ က တို့နိုင်ငံမှာလာနေရင် တို့နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာရမယ် ။ ဥပဒေကို မလိုက်နာရင် မလိုက်နာတဲ့ ဥပဒေအရလည်း အရေးယူခံရမယ် ။ လဝက ကနေလည်းအရေးယူရမယ် ။ ဒါ့ကြောင့် အရေးယူရတာဖြစ်တယ် ။´´ ဟု မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

တရုတ်နိုင်ငံသား Huaung Cong သည် ၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေ ၄(၂) ကို ဖောက်ဖျက်ကျူးလွန်သည့်အတွက် ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး ချုပ်နှောင်ခြင်းနည်းဥပဒေ ၂(၁) ဖြင့် အမရပူရမြို့မရဲစခန်းတွင် ဇန်နဝါရီလ ၆ ရက်နေ့က ဖမ်းဆီးထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply