“မိမိအားတရားစွဲဆိုသည့်အတွက် အစိုးရအနေဖြင့် ပြည်သူ၏အမုန်းတရားကိုရရှိခြင်းဖြစ်” ဟု ဒေါက်တာအေးမောင်ပြော

0
117

ဒီဇင်ဘာ ၁၀
ညိုမှိုင်း

နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မသုံးခုဖြင့်တရားစွဲဆိုခံထားရသည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးအား ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့၌ စစ်တွေခရိုင်တရားရုံး တွင် ၃၂ ကြိမ်မြောက်ရုံးထုတ်ခဲ့သည်။

အဆိုပါရုံးထုတ်တွင် ဒေါက်တာအေးမောင်က မိမိအားတရားစွဲဆိုခဲ့သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ပြည်သူများ၏အမုန်းတရားကိုသာ ရရှိလိုက်ကြောင်း မည်သည့်အကျိုးမျှမရှိသည့်လုပ်ရပ်ဖြစ်ကြောင်း မီဒီယာများအား ပြောကြားခဲ့သည်။

“ရခိုင်အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ဟာ တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့နေပါ။ အမှတ်တရကျင်းပတာဖြစ်တယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ဒါမျိုးသုံးလေးကြိမ်လုပ်ခွင့်ပေးခဲ့ပြီးပြီ။ အခုကျွန်တော်တို့ကို ဖမ်းဆီးတရားစွဲလိုက် တော့ ရခိုင်ပြည်နယ်အစိုးရမှာ ဘာအကျိုးမှမရှိဘူး။ ပြည်သူတွေရဲ့အမှုန်းတရားကိုပဲ ရရှိခဲ့တယ်။ အမျိုးသားရေးစိတ်ဓါတ်ရှိဖို့လိုပါတယ်။”ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးမှာ ရသေ့တောင်မြို့တွင် ကျင်းပပြုလုပ်သည့် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် ပြောကြားခဲ့သည့်ဟောပြောချက်များမှာ ဥပဒေနှင့်မလွတ်ကင်းဟုဆိုကာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ဖမ်းဆီးခြင်းခံလိုက်ရခြင်းဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်၍ မူလတရားစွဲဆိုစဉ်က ပြစ်မှုသုံးခုဖြင့်စွပ်စွဲခဲ့သော်လည်း ပြစ်မှုတစ်ခုကိုပယ်ချလိုက်ပြီးဖြစ်ကာ ကျန်ရှိနေသည့်ပုဒ်မနှစ်ခုလုံးကို ခြေဖျက်ပေးဖို့အတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ပြင်ဆင်ချက်တင်လိုက်ကြောင်း ဒေါက်တာအေးမောင်ကပြောသည်။

“မူလရုံးရဲ့စွဲဆိုချက်တွေကို ဥပဒေကြောင်းအရရော၊ အကြောင်းအရာအရရော မစွဲသင့်ဘူးဆိုပြီးစွဲချက်တွကို ပြင်ဆင်ဖို့အတွက် ပြင်ဆင်ချက်တင်တာပါ။ လာမယ့် ၁၇ ရက်နေ့ဆိုရင် ၁၁ လပြည့်မှာပါ။ အမှုကလည်း ပြီးခါနီးပါပြီ။ ဦးအေးမောင်တို့ အထဲမှာနေခဲ့ပြီးပြီမို့လို့ မဖြစ်ဖြစ်အောင်ပြစ်ဒဏ်ချက်မယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။”ဟု ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

အမှုမှာ အကြောင်းအရာတစ်ခုတည်းအပေါ်တွင် ပုဒ်မသုံးခုဖြင့်စွဲဆိုထားသည့်အတွက် ဥပဒေနှင့်ဆန့်ကျင်နေသည်ဟုဆိုပြီး ပြင်ဆင်ချက်များကိုလျှောက်ထားခဲ့ရာ ပထမအကြိမ်လျှောက်လဲချက်ပေးခဲ့ရာတွင် ရခိုင်ပြည်နယ်တရားလွှတ်တော်က မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ကို ပယ်ချလိုက်ခြင်းဖြစ်သည်။

Leave a Reply