ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကျပ်သိန်းပေါင်း ငါးသောင်း သုံးထောင် ကျော် လိမ်လည်သူကို အမှုစတင်ဖွင့်လှစ်

0
289

ဓာတ်ပုံ – ယနေ့ပြုလုပ်သည့် ဆန်ကုန်သည်များ၏ သတင်းစာ ရှင်းလင်းပွဲ

ရန်ကုန် ၊ဇန်န၀ါရီ ၆ ၊ ၂၀၁၈

ရန်ကုန်တိုင်ဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ကုန်သည် ၆၂ ဦးထံမှ ကျပ်သိန်းပေါင်း ငါးသောင်းသုံးထောင်ကျော်ကို လိမ်လည်သွားသူ A.S.O ကုမ္ပဏီမှ ဦးအောင်ဆွေဦးနှင့် ဒေါ်ဖြိုးဝေဝေအိ တို့ကို အမှုဖွင့် တိုင်ကြားထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းမှ သိရသည်။

တိုင်ကြားသူဆန်ကုန်သည် ၆၂ ဦးနှင့် ငွေကြေးပမာဏသည် ယနေ့ ဇန်နဝါရီ ၆ ရက် နေ့လည် ၂ နာရီအထိသာ ဖြစ်ပြီး ဆက်လက် များပြားနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဌ ဦးအောင်သန်းဦး က ပြောသည်။

“ နောက်ထပ်နစ်နာသူတွေရှိတယ်။ သူတို့တွေလည်း ထပ်တိုင်မယ်လို့ သိရတယ်။ အခုထိတိုင်ကြားသူတွေကို သေချာစိစစ်ပြီး အသင်းအနေနဲ့
ဆောင်ရွက်ပေးနေပါတယ်။” ဟု ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးအောင်သန်းဦး က ပြောကြားသည်။

ရရှိရန် ကျန်သည့်ငွေများအတွက် A.S.O ကုမ္ပဏီနှင့် ၄င်းတို့ပိုင်ဆိုင်သော ဂိုဒေါင်များကို သက်ဆိုင်ရာနှင့်ပူးပေါင်းပြီး ချိတ်ပိတ်ထားပြီးဖြစ်ကြောင်း လည်း သိရသည်။

ဆန်ကုန်သည်များထံတွင် ငွေပေးရန်ကျန်ရှိနေခြင်းသာမဟုတ်ဘဲ A.S.O ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကိုလည်း လစာတစ်လစာပေးရန်ကျန်ရှိနေပြီး ယင်းဝန်ထမ်းများက လည်း အသင်းထံတွင်လာရောက်တိုင်ကြားထားကြောင်းသိရသည်။

“ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်မယ်။ ပြီးတော့ တရားရုံး ဆုံးဖြတ်ချက် ကျလာတဲ့အခါ ပြန်ရောင်းပြီးတော့ ခွဲဝေပေးဖို့တော့ စီစဉ်ထားတယ်။” ဟု ဦးအောင်သန်းဦး က ဆိုသည်။

ပေးရန်ကျန်ရှိသောသူများတွင် နိုင်ငံခြားကုမ္ပဏီ နှစ်ခုပါဝင်ပြီး တစ်ခုသည် ဒေါ်လာတစ်သိန်းလေးသောင်းကျော် ကြိုတင်ငွေပေးထားကြောင်း ဖုန်းဆက်အကြောင်းကြားပြီး နောက်ကုမ္ပဏီတစ်ခု၏ ငွေကြေးပမာဏကို မူမသိရသေးချေ။

ဆန်ကုန်သည်များဆီပေးစရာရှိသောသူများတွင် အနည်းဆုံး ကျပ်သိန်းတစ်ရာမှ အများဆုံးသိန်းရှစ်ထောင်အထိ ရှိကြောင်းလည်း သိရသည်။

“ ဒီလူက ဆန်လောကထဲဝင်လာတာမကြာသေးဘူး။ ဆန်ဈေးတက်ချိန်ကျချိန်ကို မခန့်မှန်းတတ်ဘူး။ နိုင်ငံခြားပို့နေတော့ ဒေါ်လာဈေးကိုလည်း ချိန်ရတယ်။ ငွေလှည့်ရင်း လှည့်ရင်းနဲ့ ပမာဏ များသွားတာ ဖြစ်နိုင်တယ်။ ဒီလောကက ကျွမ်းကျင်မှ ရတာ။ “ဟု သိန်းတစ်ရာခန့် ရရှိရန်ရှိသော ကုန်သည်တစ်ဦး က ဆိုသည်။

ယင်းကဲ့သို့ဆန်လောက အခြေအနေများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုတိယဝန်ကြီး၊ ဆန်ကုန်သည် အသင်းချုပ် တာဝန် ရှိသူများက အကြိမ်ကြိမ်တွေ့ဆုံပြီး သတိပေးမှုများပြုလုပ်ခဲ့သော်လည်း မကြာမီ ယခုကဲ့သို့အခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သောလေးလခန့်ကလည်း ဘုရင်နောင်ကုန်စည်ဒိုင်တွင် ယခုကဲ့သို့ ကျပ်သိန်းနှစ်သောင်းကျော် လိမ်လည်မှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး တရားရုံးတွင် စစ်ဆေးစဲအချိန်တွင် ယခုကဲ့သို့ အမှုတစ်ခု ထပ်မံပေါ်ပေါက် လာခြင်းဖြစ်သည်။

သျှင်ရဲထွဋ်

Leave a Reply