ဟွာဝေးဘဏ္ဍာရေးအရာရှိချုပ်ကို ကနေဒါတရားရုံးအာမခံဖြင့်လွှတ်ပေး

0
79

ဒီဇင်ဘာ ၁၂
နိုင်ငံတကာသတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးပါးမြို့မှာ တရားရင်ဆိုင်နေရတဲ့ဟွာဝေးနည်းပညာကုမ္ပဏီ၊ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျိုးကို အာမခံနဲ့ပြန်လွှတ်ဖို့ တရားသူကြီး ၀ီလီယံ အာ့ခ်ျကီက ဒီဇင်ဘာလ(၁၁)ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

အမေရိကန်ရဲ့တောင်းဆိုချက်ကြောင့် ဒီဇင်ဘာ(၁)ရက်မှာ အဖမ်းခံခဲ့ရပြီး (၁၀)ရက်အကြာမှာ အာမခံပေးခဲ့တာပါ။

ဟွာဝေးကုမ္ပဏီတည်ထောင်သူရဲ့သမီးလည်းဖြစ်တဲ့ မန်ဝမ်ကျိုးဟာ အီရန်နိုင်ငံနဲ့ဆက်စပ်နေတဲ့ငွေလွှဲမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံအများကြီးကဘဏ်တွေကို လှည့်စားခဲ့တယ်ဆိုတဲ့ အမေရိကန်ရဲ့စွပ်စွဲချက်ကို ရင်ဆိုင်နေရတာပါ။

ဒါဟာ အီရန်နိုင်ငံအပေါ်ပိတ်ဆို့မှုတွေကို ချိုးဖောက်တာလို့လည်း ယူဆလို့ရပါတယ်။

အမေရိကန်ဒေါ်လာ(၇.၅)သန်းနဲ့မန်ဝမ်ကျိုးကို အာမခံပေးထားတာဖြစ်ပြီး အာမခံပေးတာကြောင့် တရားရုံးမှာ လက်ခုပ်သံတွေပြည့်သွားသလို မန်ဝမ်ကျိုးကလည်း သူ့ရဲ့ရှေ့နေကို ဖက်ပြီးငိုခဲ့ပါတယ်။

အာမခံပေးထားတဲ့အခြေအနေတွေထဲမှာ အီလက်ထရောနစ်ခြေကျင်းဝတ်ဆင်ထားရမှာနဲ့ အိမ်ထဲမှာ ည(၁၁)နာရီကနေ မနက်(၆)နာရီအထိနေရမှာတို့လည်းပါဝင်ပါတယ်။

မန်ဝမ်ကျိုးထွက်မပြေးပါဘူးဆိုပြီး အာမခံတဲ့အနေနဲ့ သူ့မိတ်ဆွေ(၅)ဦးကလည်း သူတို့နဲ့အိမ်တွေနဲ့ ပိုက်ဆံကို ပေးထားရပါတယ်။

သူ့ရဲ့အမှုကိုတည်ဆောက်လို့ရတယ်ဆိုပြီး တရားသူကြီး(၁)ဦးကဆုံးဖြတ်ရင် ကနေဒါတရားရေးဝန်ကြီးက သူ့ကို အမေရိကန်ဆီလွှဲပြောင်းပေးမလားဆိုတာ ဆုံးဖြတ်မှာဖြစ်ပြီး လွှဲပြောင်းပေးမယ်ဆိုရင် ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေကို လိမ်လည်မှုနဲ့ တရားရင်ဆိုင်ရမှာဖြစ်သလို ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ်အနှစ်(၃၀)ကျခံရမှာပါ။

မန်ဝမ်ကျိုးကိစ္စကို ကြားဝင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာ(၁၁)ရက်မှာပြောခဲ့ပါတယ်။

မန်ဝမ်ကျိုးစအဖမ်းခံရကတည်းကလွဲနေတာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ လူကန်းက ဒီဇင်ဘာ(၁၂)ရက်မှာပြောပါတယ်။

မန်ဝမ်ကျိုးကို ပြန်မလွှတ်ဘူးဆိုရင် ကနေဒါနိုင်ငံဟာ နောက်ဆက်တွဲတွေနဲ့တွေ့ရမယ်လို့ ဒီဇင်ဘာ(၁၀)ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့ပါတယ်။

မန်ဝမ်ကျိုးအဖမ်းခံရပြီးနောက် အမေရိကန်နိုင်ငံသားတွေ ခရီးသွားရာမှာ သတိထားဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သွားဖွယ်ရှိတယ်လို့ ရိုက်တာသတင်းအေဂျင်စီက ဒီဇင်ဘာလ(၁၂)ရက်မှာ သတင်းဖော်ပြပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ သံတမန်ဟောင်း မိုက်ကယ် ကော့ဂ်ရစ်ဗ် အဖမ်းခံထားရပြီး ဒီကိစ္စဟာ ဟွာဝေးကိစ္စနဲ့တိုက်ရိုက်မဆက်စပ်ဘူးလို့ ဒီဇင်ဘာ(၁၁)ရက်မှာ ကနေဒါအစိုးရဘက်က ကြေညာခဲ့ပါတယ်။

ကော့ဗ်ရစ်ဂ်အကြီးတန်းအကြံပေးအနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ နိုင်ငံတကာအကြပ်အတည်းဆိုင်ရာအဖွဲ့(ICG)ဟာ တရုတ်နိုင်ငံမှာ တရားဝင်အစိုးရမဟုတ်သောအဖွဲ့အစည်း(N.G.O)အနေနဲ့ မှတ်ပုံတင်ထားတာမရှိသလို ကော့ဗ်ရစ်ဂ်ဟာလည်း ဥပဒေတွေချိုးဖောက်ကောင်းချိုးဖောက်နိုင်တယ်လို့ လူကန်းကပြောပါတယ်။

Source-Reuters

#ဥက္ကာ
#TheFifthWaveNews

Leave a Reply