သန့်ရှင်းရေးလုပ်နေသူများကို မကြားဝံ့ မနာသာ ဆဲဆိုသည့်အတွက် အမှုဖွင့်တိုင်တန်း

0
207

မန္တလေး၊ ဇန်နဝါရီ ၇ ၊ ၂၀၁၈

မန္တလေးမြို့၊အမရပူရမြို့နယ်၊ ကျန်တန်းရပ်ကွက် ဆားချက်ရပ်အတွင်း သန့်ရှင်းရေးလုပ်နေသည့် စည်ပင်သာယာ သန့်ရှင်းရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မကြားဝံ့မနာသာ ဆဲဆိုသည့်အတွက် ဇန်နဝါရီလ ၆ ရက်နေ့က အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျန်တန်းရပ်ကွက် ဆားချက်ရပ် အတွင်း အဆင်မြင့် ကတ္တရာလမ်းဖွင့်ပွဲအတွက် စည်ပင်သာယာ သန့်ရှင်းရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ သန့်ရှင်းရေးပြုလုပ်နေစဉ် ယင်းရပ်ကွက်တွင် နေထိုင်သည့် ဦးဇော်နိုင် (၅၀)နှစ် နှင့် သမီးဖြစ်သူ မပေါင်းသစ္စာ (၂၇)နှစ် တို့က ယုတ်ရင့်ကြမ်းတမ်းစွာ ဆဲဆိုခဲ့ပြီး “သန့်ရှင်းရေး လုပ်မနေနဲ့ မင်းတို့လုပ်တာ ဖုန်ထတယ်´´ ဟု ပြောသည့်အတွက် မပြောဆိုရန် ပြောသော်လည်း “ဘယ်သူလာလာ ဂရုမစိုက်ဘူး´´ ဟုပြောဆိုခဲ့ကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့ ကျွန်တော်တို့လုပ်နေတာကို မကြိုက်တာတွေရှိတယ် ။ ဒါပေမယ့် နည်းပါတယ် ။ ပြည်သူတွေ အသိပညာနည်းတာလည်း ပါတယ် ။´´ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင် က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး ကျန်တန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စန်း က တိုင်တန်းသည့်အတွက် ဦးဇော်နိုင် နှင့် သမီးဖြစ်သူ မပေါင်းသစ္စာတို့ကို အမရပူရမြို့မရဲစခန်းတွင် (ပ)၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၂၉၄ အရအမှုဖွင့်ထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply