သစ်​သီးဝလံများအတွက်​ မူဆယ်တွင် GAP ကောင်တာ တစ်ခုထားရှိရန် ညှိနှိုင်းဆွေးနွေးနေ

0
78

ဒီဇင်​ဘာ ၁၃
ဝေဝေဖြိုး

ကောင်းမွန်သော မြန်မာ့ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံကုန်စည်များအတွက် သီးသန့် ရောင်းချနိုင်မည့် GAP ကောင်တာ တစ်ခုကို မူဆယ်ကုန်စည်ဒိုင်တွင် ဖွင့်လှစ်သွားနိုင်ရန် ညှိနှိုင်းဆွေးနွေးနေကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် ကပြောသည်။

” ကျွန်တော်တို့ အခု တရုတ်ကို သီးနှံတွေ တင်ပို့ရောင်းချရာမှာ တရုတ်က လက်မှတ်တွေ ဘာတွေ မသတ်မှတ်သေးဘူး ။ နောက်ပိုင်း AQSIQ လုပ်လာရင် သတ်မှတ်မှာပေါ့ ၊ အဲ့အတွက် နောက်ပိုင်း အလေ့အကျင့်တွေရအောင် ဒီဘက်မှာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို GAP နည်းနဲ့ စိုက်မယ် ၊စိုက်ပြီးရင် မူဆယ် ကုန်စည်ဒိုင်မှာ GAP ကောင်တာ တစ်ခု ထားပေးဖို့ အလေ့အကျင့်လုပ်တာပါ” ဟု ၎င်းကပြောသည်​။

လက်ရှိ၌ မူဆယ်ကုန်စည်ဒိုင်တွင် GAP ကောင်တာ ထားရှိပေးရန် ကုန်စည်ဒိုင်များသို့ ပြောကြားထားပြီး ညှိနှိုင်းဆွေးနွေးထားသည်​ဟုဆိုသည်​။

ယင်း GAP ကောင်တာ မှ တစ်ဆင့် GAP နည်းစနစ် နှင့် စိုက်ပျိုးထားသော သစ်သီးဝလံ ဟင်းသီးဟင်ရွက် ထွက်ကုန်အားလုံး ရောင်းချသွားနိုင်ရန် စီစဉ်သွားမည်ဖြစ်​သည်။

” GAP တော့ စိုက်တယ် သူ့မှာ အခွင့်အရေး မရှိဘူး။ တန်းတူပဲရောင်းနေရတယ်ဆိုရင် ဘယ်စိုက်မလည်း GAP စိုက်တယ်ဆိုရင် မှတ်တမ်းမှတ်ရာ သတ်မှတ်ချက်တွေ လုပ်ရမယ် ။ ဟိုဘက် ရိုးရိုး စိုက်တာထက်စာရင် အာမခံချက် ပေးရတယ် ။
ကရိကထလည်း များတယ် ။ သူက အဲ့လိုလုပ်ရတဲ့ အတွက်ကြောင့် ဈေးကောင်းရဖို့လိုတယ် ။ သူ့ကို အခွင့်အရေး ပေးဖို့လိုတယ် ။ ကုန်စည်ဒိုင်တွေကို ပြောထား ပြီးပြီ ၊ဒါတွေ ကို လုပ်ပေးဖို့ ၊ GAP အရောင်းစင် လုပ်ပေးဖို့ ၊လမ်းမှာလည်း GAP သယ်လာတဲ့ ကားဆိုရင် ထောက်ခံချက်ရှိရင် လွှတ်ပေးဖို့ ဒါမျိုးတွေက အစ တင်ပြထားပါတယ်။” ဟု ဦးစိုးသန်းမင်းဒင် က ပြောသည်။

ယခင်က ဆန် ၊စပါး စားသုံးရာမှ ယခုအခါ သစ်သီးဝလံ စားသုံးမှုများရှိလာပြီး စားသုံးမှုပုံစံလည်း ပြောင်းလာသဖြင့် သစ်သီးဝလံဈေးကွက်သည်​ ပိုမိုကြီးမားလာပြီး နောက်ပိုင်းတွင် ပိုမိုတိုးလာဖွယ်ရှိသည်​ဟုဆိုသည်​။

ယင်းကဲ့သို့ သစ်သီးဝလံဈေးကွက်များ ကြီးထွားလာသည်နှင့် စိုက်ပျိုးထုတ်လုပ်မှုမှာလည်း ကောင်းမွန်သော အန္တရာယ်ကင်းရှင်းသော သီးနှံများ အဖြစ် အာမခံချက် ပေးနိုင်ရန် လိုအပ်ပြီး ယင်း အခြေအနေများအတွက် ယခုမှစတင်​၍ ကြိုတင်ပြင်ဆင်သည့်အနေနှင့် GAP စနစ်ကို အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်​သည်။

မြန်မာ့သစ်သီးဝလံများကို ပြည်​ပသို့ တင်​ပို့ရာတွင်​ တရုတ်နို​င်​ငံသို့ အများဆုံး တင်ပို့နေရပြီး အခြားသော ဟောင်ကောင် ၊ယိုးဒယား ၊ စင်​ကာပူ စသည့်နိုင်​ငံများကိုလည်း အနည်းငယ်​ တင်ပို့လျက်​ရှိကြောင်း သိရသည်။

Leave a Reply