မန္တလေးတွင်၂၀၁၇ ခုနှစ်အတွင်း အိမ်ထောင်ရေး အဆင်မပြေ ရာမှ စကားများရန်ဖြစ်ပြီး လူသတ်သည့်ဖြစ်စဉ် အများဆုံးဖြစ်ပွား

0
135

မန္တလေး ၊ဇန်န၀ါရီ ၇၊ ၂၀၁၈

မန္တလေးမြို့ပေါ်တွင် ၂၀၁၇ခုနှစ်တစ်နှစ်တာကာလအတွင်း လူသတ်မှု(၄၁) မှုအထိရှိခဲ့ပြီး လင်မယားချင်း အိမ်ထောင်ရေး အဆင်မပြေ ရာမှ စကားများရန်ဖြစ်ပြီး လူသတ်မှုမြောက်သည့် ဖြစ်စဉ် အများဆုံး ပါင်နေကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခင်နှစ် ၂၀၁၆ ခုနှစ် က လူသတ်မှု (၄၅) မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းလူသတ်မှု (၄၁) မှုတွင် (၃၂) မှုကို တရားစွဲဆိုရုံးတင်နိုင်ခဲ့ပြီး (၈)မှုမှာ စစ်ဆေးဆောင်ရွက်လျှက်ရှိကာ (၁) မှုအမှုပိတ်သိမ်းခဲ့၍ အမှုပြီးစီးမှုရာခိုင်နှုန်း ၇၈.၀၄ ရှိခဲ့ကြောင်း သိရသည် ။

“ခရိုင်ထဲမှာတော့ အငြိုးထားပြီး သတ်ဖြတ်တာမရှိဘူး ။ သူငယ်ချင်းတွေ အချင်းချင်း စကားများရာကနေ သေစေလိုလို့မဟုတ်ပဲ သေဆုံး တာတွေရှိတယ် ။ လင်မယားချင်း အိမ်ထောင်ရေး အဆင်မပြေ ရာကနေ စကားများရန်ဖြစ်ပြီး လူသတ်မှုမြောက်သွားတာတွေ အဲ့ဒါတွေက အဖြစ်အများဆုံးပါ ။´´ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင် က ပြောသည်။

လူသတ်မှုသည် အမှုကြီးအမျိုးအစားထဲတွင်ပါဝင်ပြီး အမှုကြီး(၁၀)မျိုးတွင် လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ တိရိစ္ဆာန်ခိုးမှု၊ နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်းဆက်နွယ်မှု၊ လက်နက်(ယာယီ)မှုတို့ဖြစ်ပြီး အများဆုံးဖြစ်ပွားမှုမှာ လူသတ်မှု(၄၁)မှု၊ မုဒိမ်းမှု(၃၅)မှုနှင့် လုယက်မှု(၁၇)မှုရှိခဲ့ကာ စုစုပေါင်း(၉၉)မှုအနက် အမှုပေါင်း (၈၀)ကို တရားစွဲဆိုနိုင်ခဲ့သည်။

အမှုကြီး(၁၀)မျိုးတွင် အမှုပေါင်း(၉၉)မှုရှိသည့်အနက် ပုသိမ်ကြီးမြို့နယ် တွင်(၂၁)မှု၊ ချမ်းမြသာစည် မြို့နယ်တွင်အမှု(၂၀)၊ အောင်မြေသာစံ မြို့နယ် တွင် (၁၄)မှု၊ ပြည်ကြီးတံခွန်မြို့နယ်တွင်(၁၃)မှု၊ မဟာ အောင်မြေမြို့နယ်တွင်(၁၂)မှု၊အမရပူရမြို့နယ်တွင်(၁၁)မှုနှင့်ချမ်းအေးသာစံမြို့နယ်တွင်(၈)မှုဖြစ်ပွားခဲ့ ပြီး မြို့နယ်အလိုက် အမှုတရားစွဲ တင်ပို့နိုင်မှုမှာ အမှုပေါင်း(၈၀)ရှိကာ (၁၆)မှုတရားစွဲ တင်နိုင်ရန် ကျန်ရှိ နေကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply