ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်များကို စာဖတ်သူများ စုစည်းဖတ်ရှုနိုင်ရန် ဖော်ပြလိုက်ပါတယ်

0
1815

ကနဦး တင်ပြချင်တဲ့ သတင်းကတော့ လင်းယုန်စီမံချက်နဲ့  ၅ ရက်အတွင်း အမှု ပေါင်း၁၀၀ ကျော် အရေးယူထားတဲ့ သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်က ခိုး၊ ဆိုး ၊လု ၊ နှိုက်မှု ကျူးလွန်တတ်သူများ၊ စရိုက်ဆန် တဲ့ လူဆိုး လူမိုက်များ၊ဒုစရိုက်မှုများ၊ပြေး (၄) ပြေးများကို လင်းယုန်စီမံချက်နဲ့ ဖော်ထုတ်ဖမ်းဆီးနေပြီး ဇန်န၀ါရီ လ ၅ ရက်နေ့အထိ အမှုပေါင်း ၁၀၀ ကျော်ဖမ်းဆီးရ မိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှဆိုပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ စတင်ခဲ့တဲ့ ဒီစီမံချက်ဟာ အဆင့် ဆင့်နဲ့ နှစ်ကုန် ဒီဇင်ဘာအထိ အပိုင်းခွဲပြီး ဆောင်ရွက်မယ့် စီမံချက်တစ်ခု ဖြစ်ပါတယ်။ ဒီစီမံချက်ဟာ ပြည်သူလူထုတွေရဲ့ လူနေမှုဘဝ လုံခြုံစေဖို့ အထောက်အကူ ပေးနိုင်မယ်လို့ ထင်မိပါတယ်။ ယနေ့ခေတ်မှာ ခိုး ၊ဆိုး ၊လု ၊နှိုက်တွေ အရမ်းပေါများလာနေတဲ့ အတွက် လင်းယုန်စီမံချက်လို စီမံချက်တွေကို အမြဲလိုလို လုပ်ဆောင်သွားဖို့ လိုပါတယ်။ဒါမှသာ တရားဥပဒေ စိုးမိုးရေးကို ကြွေးကြော်ပြီး အာဏာရလာတဲ့ NLD အစိုးအတွက် ပြည်သူတွေဆီက အသိအမှတ်ပြုမှုတွေကို ခံရမှာ ဖြစ်ပါတယ်။

နောက်တစ်ပုဒ်ကတော့ ဘုရင့်နောင်ကုန်စည်ဒိုင်က ဆန်ကုန်သည်တစ်ယောက်ဟာ ကျပ်သိန်းပေါင်း ငါးသောင်းကျော်ကို လိမ်သွားတဲ့ သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်ဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်က ဆန်ကုန်သည် ၆၂ ဦးဆီကနေ ကျပ်သိန်းပေါင်း ငါးသောင်းသုံးထောင်ကျော်ကို လိမ်လည်သွားတဲ့ A.S.O ကုမ္ပဏီမှ ဦးအောင်ဆွေဦးနှင့် ဒေါ်ဖြိုးဝေဝေအိ တို့ကို ဇန်နဝါရီလ ၆ ရက်နေ့မှာ အမှုဖွင့်လိုက်ပြီ ဖြစ်ပါတယ်။ ကျပ်သိန်းပေါင်း ငါးသောင်းသုံးထောင်ကျော် ဆိုတဲ့ ပမာဏဟာ ဇန်နဝါရီလ ၆ ရက်နေ့အထိ ရထားတဲ့ အလိမ်ခံရတဲ့ စာရင်းဖြစ်ပြီး နောက်ပိုင်း ထပ်တက်မယ့် စာရင်းတွေလည်း ရှိနေပါသေးတယ်။အခုလို လိမ်လည်မှု ဖြစ်ခဲ့တာဟာ ဈေးကွက်သဘောတရားနဲ့ ငွေကြေး အင်အထွက် အရှုံးအမြတ်ကို မချိန်ဆနိုင်တဲ့အတွက် ယခုလို ဖြစ်လာတာလို့ ဆန်ကုန်သည်တွေက သုံးသပ်ကြပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အခုလို ငွေကြေးလိမ်လည်မှု ဖြစ်တာဟာ ဒုတိယမြောက်အကြိမ်ဖြစ်ပါတယ်။ ယခင်နှစ်အနည်းငယ်ကလည်း ပဲလောကမှာ ငွေကြေး ကျပ် သိန်းသောင်းကျော် လိမ်လည်မှုကြုံခဲ့ဖူးပါတယ်။ ကုန်သည် ပွဲစားတွေ ခြေရှုပ်တဲ့ အရပ်ဒေသမှာ အခုလို ပြသနာတွေ မကြာခဏ ကြုံနေရတာဟာ မရိုးနိုင်ပေမယ့် ငွေပမာဏ များသွားတဲ့အခါ ဆန်းပြားလာတဲ့ သဘောပဲ ဖြစ်ပါတယ်။

အခုတင်ပြမှာကတော့ ဝင်ငွေထက်ပိုချမ်းသာတဲ့ အစိုးရဝန်ထမ်းတွေကို တိုင်ကြားနိုင်ပြီဆိုတဲ့ သတင်းဖြစ်ပါ တယ်။အစိုးရဝန်ထမ်းတွေ အနေနဲ့ ဝင်ငွေထက် ပိုချမ်းသာတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေရင် ပြည်သူလူထုက သက်သေ အထောက်အထားနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားနိုင်ပါတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဒီသတင်းကိုဖတ်ကြည့်ပြီး အပေါ်ယံကြည့်ရင်တော့ ဟုတ်တော့မလိုလိုရှိပေမယ့်လည်း လူတစ်ယောက်မှာ ငွေဘယ်လောက်ရှိသလဲဆိုတာကို ဘယ်သူက ခန့်မှန်းနိုင်မလဲဆိုတာ အရင်တွေးမိပါတယ်။ အစိုးရဝန်ထမ်းတွေကို အသာထားပါ။ကိုယ်နဲ့ နီးစပ်တဲ့ သူငယ်ချင်းအပေါင်းအသင်းတွေဆီမှာ ဝင်ငွေဘယ်လောက်ရှိတယ်။သူ့ရဲ့ပိုင်ဆိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာကို ဘယ်သူမှ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။ NLD အစိုးရ အာဏာမရခင်အချိန်မှာ အစိုးရ လူကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူသိအောင် ချပြမယ်လို့ အသံကောင်း ဟစ်ခဲ့ပေမယ့်လည်း လက်တွေမှာတော့ ယနေ့အထိ ဘာပိုင်ဆိုင်မှုမှ ချပြခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် အစိုးရ လူကြီးတွေ ၊ညွှန့်မှူးတွေ ၊ဒုညွှန့်မှူးတွေ ပိုင်ဆိုင်မှု ဘယ်လောက်ရှိနေတယ်ဆိုတာ အခြေခံပြည်သူက ဘယ်လို သိနိုင်မှာပါလဲ။ အစိုးရ အရာထမ်းတစ်ယောက် အဂတိလိုက်စားပြီး ချမ်းသာလာတယ်ဆိုရင်တောင် ပြည်သူမှာ ဘာဆို ဘာမှ တိုင်ကြားလို့မရနိုင်ပါဘူး။ တိုင်ကြားမယ်ဆိုရင်လည်း ကိုယ့်ရဲ့ အမည် ၊လိပ်စာ အပြည့်အစုံကို ထည့်သွင်းပေးရတဲ့အတွက် စွပ်စွဲခံရသူက ပြန်ငြင်းချက်ထုတ်ပြီး တရားပြန်စွဲရင် တိုင်ကြားသူ ဒုက္ခရောက်မှာ သေချာပါတယ်။ ဒါကြောင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ အစိုးရဝန်ထမ်းတွေ မဟုတ်တာ မမှန်တာကို လုပ်ကိုင်လာရင် ပြည်သူက တိုင်ကြားလာရင် ဘယ်လိုနည်းလမ်းကို သုံးပြီး အရေးယူဖို့ စုံစမ်းဖို့တွေကို စဉ်းစားသင့်ပါတယ်။ ပိုင်ဆိုင်မှု မသိရဘဲ စည်းလွတ်ဝါးလွတ် တိုင်ကြားမိရင်တော့ စွပ်စွဲခံရခြင်းလို့သာ ခေါင်းစဉ် တပ်လာပြီး အသရေဖျက်မှုနဲ့ တရားပြန်အစွဲခံရနိုင်ပါကြောင်း တင်ပြလိုက်ပါတယ်။

ယခုသတင်းကတော့ ဘင်္ဂလားဒေ့ရှ်ကို ရောက်သွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ စိစစ်ရေး လျှောက်လွှာတွေ ပြန်ဝင်မလာသေးတဲ့ သတင်း ဖြစ်ပါတယ်။ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရဆီကို ဒုက္ခသည်များ ပြန်လည် စိစစ်လက်ခံနိုင်ဖို့ လျှောက်လွှာများ ပေးပို့ထားခဲ့ပြီးဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်ဆီကနေ လျှောက်လွှာတွေ ပြန်ဝင်လာခြင်း မရှိသေးဘူးလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ဒုက္ခသည်များကို ၂ လအတွင်း ပြန်လည်စိစစ် လက်ခံရမယ်လို့ ပါရှိ ပြီး ဟိန္ဒူဘာသာဝင်များ အရင်ဆုံးပြန်လာနိုင်ဖွယ်ရှိတယ်လို့ ဒေါက်တာဝင်းမြတ် အေးကဆိုထားပါတယ်။ဒီလို လက်ခံတဲ့နေရာမှာ အကြမ်းဖက်သမားတွေ ပါမလာဖို့အတွက် အသေအချာ ပြင်ဆင်ဖို့ လိုအပ်ပါ လိမ့်မယ်။ရခိုင်ပြည်နယ်ရဲ့အရေးကိစ္စဟာ မြန်မာနိုင်ငံအပေါ်ကို အနောက်နိုင်ငံတွေက ဖိအားပေးဖို့ အသင့်ချောင်းနေတဲ့ ကိစ္စဖြစ်ပါတယ်။ဒါ့ကြောင့် အစိုးရ အနေနဲ့ ပါးပါးနပ်နပ် ကိုင်တွယ်ဖြေရှင်းနိုင်မှသာ တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အခုတစ်ခါ စီးပွားရေး အဆင်မပြေမှု၊ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ရိုက်ခတ်လာတဲ့ နောက်ဆက်တွဲ သတင်းတစ်ပုဒ်ကို တင်ပြပါမယ်။ ခေတ်ပေါ်ပစ္စည်းများ လိုချင်မှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြောင့် လူငယ်များ ပြစ်မှုကျူးလွန်မှု ပိုများလာတယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က သုံးသပ်လိုက်ပါတယ်။ ဘာကြောင့် အခုလို သုံးသပ်လိုက်တာလည်း ဆိုတာကတော့ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ ခိုးမှုတွေမှာ အများစု လူငယ်တွေ ကျူးလွန်နေကြလို့ပဲ ဖြစ်ပါတယ်။ လူငယ်တွေဟာ ခေတ်ကာလအရ ခေတ်ပေါ်ပစ္စည်းတွေ လိုချင်တယ် ။ နောက်ပြီး အလုပ်အကိုင်အဆင်မပြေတာတွေကြောင့် ဒီလိုအမှု အခင်းတွေဖြစ်ပေါ်လာရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးက ဆိုပါတယ်။ သူများ သုံးသလို သုံးချင်တယ်။မိသားစုက စီးပွားရေး အဆင်မပြေကြတဲ့အခါ လူငယ်တွေဟာ ငွေရပေါက် လွယ်ကူတဲ့ လမ်းတွေကို လိုက်လာကြပါတယ်။ယနေ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကလည်း နိုင်ငံတော်လူကြီးတွေရဲ့ ပါးစပ်ထဲမှာသာ တိုးတက်လိုက် ကျဆင်းလိုက်နဲ့ မျိုးစုံကြိုးခုန်နေတဲ့ အခြေအနေဖြစ်နေလေတော့ အခြေခံပြည်သူတွေ စားဝတ်နေရေး အတွက် ငွေရှာရတာ ခက်ခဲလာကြပါတယ်။ အသိတရား ရှိသူတွေကတော့ ရတဲ့အလုပ်လေးတွေကို သမာအာဇိဝကျကျ လုပ်ကိုင်ပြီး ဘဝ ရပ်တည်ကြပေမယ့် အသိတရား မရင့်ကျက်သေးတဲ့ လူငယ်တွေကတော့ အလွယ်လမ်းကို သုံးပြီး ငွေကို ရှာဖွေလာကြပါတယ်။ နောက်ဆုံး အလွယ်လိုက်ကြရင်း မဖြစ်သင့်တဲ့ ပြစ်မှုတွေ ဖြစ်ကြရတယ်။ ဘဝတွေ ပျက်ကြရတယ်။ နာမည်မှာ အမည်းစက်တွေ စွန်းထင်ကြရပါတော့တယ်။ဒါတွေ မဖြစ်အောင်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အသိပညာပေးမှုတွေ လုပ်ဖို့ လိုအပ်သလို ထိုက်သင့်တဲ့ လုပ်ခ လစာနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့လည်း လိုအပ်လှပါတယ်။ လူငယ်တွေအနေနဲ့လည်း ကိုယ့်အမှားကို သင်ခန်းစာယူပြီး ဘဝကို အသစ်တဖန် ပြန်စနိုင်ဖို့ လိုအပ်လှပါတယ်။

ဒီတခါတော့ ၇လွှာတိုက်ပေါ်က ပြုတ်ကျပေမယ့် အသက်မသေခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို တင်ပြပါရစေ။စမ်းချောင်းမြို့နယ်၊ ကျွန်းတော (အလယ်) ရပ်ကွက်၊ ပုသိမ်လမ်းရှိ တိုက်ခန်း ၇ လွှာပေါ်ကနေ အသက် ၁၇ နှစ်အရွယ် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူ အမျိုးသမီးငယ်တစ်ဦးဟာ ပြုတ်ကျခဲ့ပေမယ့် ဒဏ်ရာ ရရှိခြင်း အသက်သေဆုံးခြင်း မရှိခဲ့ပါဘူး။ အဆိုပါ ကောင်မလေးဟာ ဇန်နဝါရီလ ၃ ရက် မွန်းလွဲ ၃ နာရီခန့်မှာ တိုက်ခန်းရှေ့ မျက်နှာစာပေါ် လှန်းထားတဲ့ အဝတ်တွေကို လက်လှမ်းယူစဉ် ခြေချော်ပြုတ်ကျခဲ့ခြင်း ဖြစ်ပါတယ်။ ခြေချော် ပြုတ်ကျမှု ကြောင့် ဝဲ/ညာခြေသလုံး ပွန်းပဲ့၊ ခါးနာကျင် ဒဏ်ရာများရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရတယ်လို့ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့က ဆိုထားပါတယ်။ အဆိုပါကောင်မလေးဟာ သေကံမရောက်လို့ အသက်မပျောက်ခဲ့တာ ဖြစ်ပြီး သာမန်ဖြစ်စဉ်သာ ဆိုရင်တော့ ပွဲချင်းပြီး သေဆုံးနိုင်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်လို အထပ်မြင့် တိုက်ခန်းတွေ ပေါများလာချိန်မှာ မြို့နေပြည်သူတွေအနေနဲ့ တိုက်ခန်းအမြင့်တွေကနေ အဝတ်လှန်းတာပဲ ဖြစ်ဖြစ် အမှိုက်ပစ်တာပဲ ဖြစ်ဖြစ် အရာရာကို သတိထားပြီး ဆောင်ရွက်ကြဖို့ လိုပါတယ်။ သတိတစ်ချက် အလွတ်မှာ အသက်တွေ မမျှော်လင့်ဘဲ ဆုံးရှုံးနိုင်တဲ့အတွက် သတိထားကြပါလို့ တင်ပြလိုက်ပါတယ်။

အခုနောက်ဆုံး သတင်းတစ်ပုဒ်ကတော့ မင်္ဂလာဆောင် မဏ္ဍပ်ဆောက်လုပ်ဖို့ မလွတ်ကင်းတဲ့ ယိုးဒယားဖုန်းလိုင်းတိုင်ကို နေရာရွှေ့ရာမှ တဆင့် ဖုန်းတိုင်ပြိုလဲပြီး လျှပ်စစ်ဓာတ်အားပေး ဆားဗစ်လိုင်းကြိုးပေါ်သို့ ပြုတ်ကျလို့ သတို့သားလောင်းအပါအဝင် လူငါးဦး ဓာတ်လိုက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ရေတံခွန်ရပ်ကွက်မှာ ဇန်နဝါရီလ ၆ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပြီး ကြားရသူတွေ မြင်ရသူတွေအတွက် အင်မတန် ကြေကွဲစရာ ကောင်းလှပါတယ်။ဒီဖြစ်ရပ်ဟာ သတိမမူလို့ ဖြစ်ရတာလား ကံတရားကြောင့်လား ဆိုတာကတော့ ကာယကံရှင်တွေသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ ဒီဖြစ်ရပ်အတွက် သင်ခန်းစာ ယူစရာကတော့ ကိုယ့်အိမ် ကိုယ့်ပတ်ဝန်းကျင်မှာ မဏ္ဍပ်ပဲဆောက်ဆောက် ၊ အဆောက်အဦပဲ ဆောက်ဆောက် ဆောက်မယ့်နေရာမှာ ဓာတ်တိုင်တွေ ဖုန်းတာဝါတိုင်တွေ ရှိနေရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ခေါ်ပြီး ရွှေ့ပြောင်း ပြင်ဆင်တာတွေ လုပ်သင့်ပါတယ်။ဒီလိုမလုပ်ဘဲ ကိုယ့်သဘောကိုယ်ဆောင်ပြီး လုပ်ကိုင်မိရင်တော့ အခုလို အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့နိုင်ပါကြောင်း တင်ပြလိုက်ပါတယ်။

#အထက်ပါသတင်းများကို ပဉ္စမလှိုင်းမီဒီယာ၊ ဧရာဝတီ ၊ ဆဲဗင်းဒေးလ် ၊ သည်ဗွိုက် စသည့် မီဒီယာများမှ တဆင့် ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

Leave a Reply