ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား

0
100

ဒီဇင်ဘာ ၁၇
ညိုမှိုင်း

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ယနေ့နေ့လည်ပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုမှာ မြန်မာ့တပ်မတော်နှင့် AA တို့အကြားဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းက ရသေ့တောင် မြို့နယ် သောင်းဒရားကျေးရွာနှင့် ထီးစွဲကျေးရွာအကြားဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်တာတော့သေချာတယ်။ သောင်းဒရားဘက်မှာဖြစ်တယ်ဆိုတာကို သိလိုက်ရတယ်။ အနီးအနားကျေးရွာတွေက ဒေသခံတွစိုးရိမ်နေကြတယ်။ တချို့ဆိုရင် မနေရဲလို့ထွက်ပြေးသူတွေလည်းရှိတာပေါ့။ လောလောဆယ်မှာ ငြိမ်နေတယ်။ ထပ်ဖြစ်မယ်မဖြစ်ဘူးတော့ မပြောတတ်ဘူးဗျ”ဟု ကျောက်တန်းဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်တွင် ရသေ့တောင်-ဘူးသီးတောင်ကားလမ်းမအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ကားတစ်စီးမီလောင်ပျက်စီးသွားခဲ့ကြား ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပစ်ခတ်မှုများဆက်တိုက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် နေ့လည်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ် မောင်နှမ ကျေးရွာနှင့် ကျွန်းသာယာကျေးရွာတို့အကြား၌ တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် ကားတစ်စီးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ကြားတယ်။ ပြီးတော့ တိုက်ပွဲတွေဖြစ်ကြတာပေါ့နော်။ ဘယ်လိုအခြေအနေတော့ မသိဘူး။ အဲဒီလမ်းမှာအလုပ်လုပ်နေကြတဲ့ အနီးအနားကျေးရွာတွေက အလုပ်လုပ်နေတဲ့ အလုပ်သမားတွေလည်း အကုန်လုံးထွက်ပြေးလာကြပါတယ်။”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် နေရပ်စွန့်ခွာလာခဲ့ကြသည့် စစ်ဘေးရှောင် ၃၀၀ ကျော်ခန့်ရှိနေပြီး ယနေ့ဖြစ်ပွားသည့်တိုက်ပွဲအခြေအနေကြောင့် နေရပ်စွန့်ခွာသူများပြားလာနိုင်ကြောင်း ဒေသခံများပြောသည်။

Leave a Reply