ရှန်ဟိုင်းကမ်းလွန်နား၌ ရေနံတင်သင်္ဘောနှင့် ကုန်တင်သင်္ဘော တိုက်မှုဖြစ်၊ ၃၂ ဦးပျောက်ဆုံးနေ

0
164

ရှန်ဟိုင်း ဇန်နဝါရီ ၈

တရုတ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန် ရှန်ဟိုင်းမြို့နား၌ ရေနံတင်သင်္ဘောတစ်စင်းနှင့် ကုန်တင်သင်္ဘောတစ်စင်းတို့ တိုက်မိမှုကြောင့် လူ ၃၂ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း မီဒီယာများကဖော်ပြခဲ့သည်။

အီရန်မှ ဒေါ်လာ သန်း ၆၀ တန်ဖိုးရှိ ရေနံတန် ၁၃၆၀၀၀ တင်ဆောင် လာသည့် ဆန်ချီသင်္ဘောသည် တိုက်မိပြီးနောက် မီးစွဲလောင်ခဲ့သည်။ ဆန်ချီသင်္ဘောပေါ်တွင် လိုက်ပါခဲ့သည့် အီရန်နိုင်ငံသား ၃၀ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးတို့ ပျောက်ဆုံးနေဆဲဖြစ်ပြီး မီးပြင်းပြင်း ထန်ထန်လောင်ကျွန်းနေသောကြောင့် ကယ်ဆယ်ရေး လုပ်ဆောင်မှုများ အနှောင့်အယှက်ဖြစ်နေကြောင်း အီရန်သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

ဆန်ချီသည် မျောပါနေပြီး မီးလောင်နေဆဲဖြစ်ကြောင်း ဝန်ကြီး ဌာနကဖော်ပြ ခဲ့သည်။ ရေနံများယိုဖိတ်နေပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဝန်ကြီးဌာန ၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။ ကုန်တင်သင်္ဘောမှ အမှုထမ်း ၂၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

ရာသီဥတုဆိုးရွားခြင်းနှင့် မီးခိုးများထွက်နေခြင်းတို့ကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် အခက်အခဲရှိနေကြောင်း အီရန်ဆိပ်ကမ်းနှင့် ရေကြောင်းအဖွဲ့အကြီးအကဲ မိုဟမ္မဒ်ရက်စ်တဒ် ကပြောဆိုခဲ့သည်။

အီရန်၏ရေနံပို့ကုန်များအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီမှစပြီး အီရန်ရေနံတင် သင်္ဘောတစ်စင်းပါဝင်သော ပထမဆုံး မတော်တဆမှုလည်းဖြစ်သည်။ ရေနံတန် ၁၃၆၀၀၀ လုံးသည် သမုဒ္ဒရာထဲသို့ ကျဆင်းသွားပြီဖြစ်ပြီး ယခုဖြစ်ရပ်ကို ရေနံယိုဖိတ်မှုအများဆုံး ဖြစ်ရပ် ၁၀ ခုတွင် ထည့်သွင်း ရမည် ဖြစ်ကြောင်း သမုဒ္ဒရာလေ့လာသူ ဒေါက်တာ ဆိုင်မွန်ဘောက်စ်ဝဲ ကပြောဆိုခဲ့သည်။

ဇန်နဝါရီ ၆ ရက် အနှောင်းပိုင်း ရှန်ဟိုင်းကမ်းရိုးတန်းမှ ရေမိုင် ၁၆၀ အကွာတွင် သင်္ဘောချင်းတိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရန်အတွက် တရုတ်သင်္ဘောရှစ်စင်းကို စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန ကဖော်ပြခဲ့သည်။

တောင်ကိုရီးယားကလည်း ကမ်းခြေစောင့်သင်္ဘောတစ်စင်းနှင့် ရဟတ်ယာဉ်တစ်စင်းကိုစေလွှတ်ခဲ့သည်။ ရေနံတင်သင်္ဘောသည် အီရန်ရှိ ခါဂါကျွန်းမှ တောင်ကိုရီးယားရှိ ဒေဆန်သို့ ဦးတည်ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်တွင် မှတ်ပုံတင်ထားေးသာ ကုန်တင်သင်္ဘော စီအက်ဖ်ခရစ္စတယ်သည် အမေရိကန်ပြည်ထောင်စုမှ တရုတ်တောင်ပိုင်း ကွမ်တုံခရိုင်သို့ တင်ပို့ရန် ကုန်ပစ္စည်းတန် ၆၄၀၀၀ ကိုတင်ဆောင် ခဲ့သည်။

Source:BBC

ရိုးမြေ

Leave a Reply