မောင်တောမြို့နယ်အတွင်း ပျောက်ဆုံးနေသည့် ရခိုင်နှစ်ဦး အလောင်းတွေ့ရှိ

0
119

ဒီဇင်ဘာ ၁၉
ညိုမှိုင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းဒေသ အထက်ပြူးမကျေးရွာမှ ပျောက်ဆုံးနေသည့် ရခိုင်တိုင်းရင်းသား ငါးရှာသားနှစ်ဦးတို့၏ အလောင်းများအား ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးသူနှစ်ဦးတို့မှာ ဦးမောင်ထွန်းအေး ၅၆ နှစ်နှင့် ဦးမောင်မောင်သန်း ၅၁ နှစ်တို့ဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့ညနေပိုင်းက ငါးရှာရန်ထွက်သွားခဲ့ကြရာ နေအိမ်သို့ပြန်လည်မရောက်လာသဖြင့် ကျေးရွာသားများ ဝိုင်းဝန်းရှာဖွေခဲ့ကြရာ နှစ်ရက်အကြာတွင် ချောင်းကမ်းနံဘေးတောစပ်၌ သတ်ဖြတ်ခံရ၍ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ပျောက်နေတဲ့ရွာသားနှစ်ဦးရဲ့ အလောင်းတွေကို ဒီကနေ့ နေ့လည် ၁၁ နာရီခွဲလောက်မှာရှာတွေ့ပါတယ်။ လည်ပင်းမှာဓါးဒဏ်ရာတွေနဲ့သေဆုံးနေတာပါ။ သူတို့ကိုတွေ့တဲ့နေရာကတော့ တောင်ရင်းရွာ ချောင်းကမ်းစပ်မှာတွေ့ရှိခဲ့တာပါ။”ဟု အထက်ပြူးမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှိုင်က ပြောသည်။

၎င်းတို့နှစ်ဦးမှာ ချောင်းအတွင်းငါးရှာနေစဉ် ဘင်္ဂါလီများ၏ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းဖြစ်နိုင်ကြောင်းနှင့် ယခုလအတွင်း မောင်တောမြို့နယ်အတွင်း ယခုကဲ့သို့သတ်ဖြတ်ခံရမှုများဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

“သူတို့က ၁၇ ရက်နေ့ ညနေပိုင်းက စားငါးရှာဖို့ထွက်သွားခဲ့ကြတာပါ။ အချိန်တန်လို့ပြန်မရောက်တော့ ရွာသားတွေလိုက်ရှာလည်းမတွေ့ခဲ့ဘူး။ အခုနှစ်ရက်အကြာမှာ သေဆုံးနေတဲ့အလောင်းတွေကို တွေ့ရတာဖြစ်ပါတယ်။ ဘယ်သူတွေသတ်သွားတယ်ဆိုတာတော့မသိရသေးဘူး။ အလောင်းတွေကို စစ်ဆေးဖို့အတွက် မောင်တောဆေးရုံကိုပို့ဆောင်ထားပါတယ်”ဟု ဆက်လက်ပြောကြားသည်။

ယင်းအပြင် ဒီဇင်ဘာလ ၁၇ ရက်နေ့ညက အထက်ပြူးမကျေးရွာနှင့် ရွာနီးနားချင်းဖြစ်သည့် ကြိမ်ချောင်းကျေးရွာမှာ ဘင်္ဂါလီနှစ်ဦးတို့မှာလည်း ချောင်းအတွင်းငါးရှာနေစဉ် ဘင်္ဂါလီ ၆ ဦးတို့ လှေနှစ်စီးဖြင့်ရောက်လာပြီး ဖမ်းဆီးသတ်ဖြတ်ရန်ပြုလုပ်နေချိန် အထက်ပြူးမကျေးရွာသာများ ရောက်လာသည့်အတွက် ပြန်လည်လွတ်မြောက်လာခဲ့ပြီး တစ်ဦးမှာဦးခေါင်းပြင်းထန်ဒဏ်ရာများရရှိခဲ့သည့်အတွက် မောင်တောဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

Leave a Reply