ချိန်းတွေ့နေသည့် သမီးရည်းစားကို ရိုက်နှက်ပြီး ဖုန်းလုယူမှု ဖြစ်ပွား

0
186

မန္တလေး၊ ဇန်နဝါရီ ၈၊ ၂၀၁၈

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ သိင်္ဂဇာချောင်းဘေး တွင်ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲကို ရိုက်နှက်ပြီး ၄င်းတို့ထံမှ ဆိုင်ကယ် နှင့် ဖုန်း လုယူထွက်ပြေးမှု ဇန်နဝါရီလ (၇) ရက်နေ့ ည (၈) နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

သမီးရည်းစားနှစ်ယောက် ချိန်းတွေ့အပြီး ထပြန်ရန်စီစဉ်နေချိန်တွင် အမည်မသိ လူသုံးဦးက ယောက်ျားလေးကို ဓားနှောက်ဖြင့်ရိုက်ကာ ဆိုင်ကယ်နှင့် ဖုန်းလုယူထွက်ပြေးသွားခြင်းဖြစ်သည်။

“အဲ့ဒီနားက လူပြတ်တယ် ။ ညဆိုမှောင်လည်းမှောင်တယ် ။ လုပ်သွားတဲ့သူတွေ ဘယ်သူလဲဆိုတာတော့ စုံစမ်းဆဲဖြစ်တယ် ။ အမှောင်ထဲမှာ ဆိုတော့ လူလည်းမတွေ့လိုက်ဘူး ။ ညအချိန်မတော် ဒုစရိုက်မှုဖြစ်ပွားနိုင်တဲ့နေရာတွေကို ရှောင်သင့်တယ်” ဟု အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင်က ပြောကြားသည်။

ရိုက်နှက်လုယက်မှုကြောင့် စိုးလှိုင်မိုး (၁၈)နှစ် တွင် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာနှင့် လက်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး လုယက်သွားသည့် အမည်မသိအမျိုးသား သုံးဦးကို အမှတ် (၆) နယ်မြေရဲစခန်းတွင် (ပ)၈/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၄ အရ အမှုဖွင့် ထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply