ကရင်နီလူငယ်၅ဦး တတိယအကြိမ်ရုံးချိန်းကို ဇန်န၀ါရီ ၁၀ရက်နေ့ တွင်ပြန်လည်ချိန်းဆို

0
131

ရန်ကုန် ၊ ဇန်န၀ါရီ ၈ ၊၂၀၁၈

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ၁၉(ငြိမ်းစုစီ)ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ကရင်နီလူငယ် ၅ဦး၏ တတိယအကြိမ်မြောက်ရုံးချိန်းကို ဇန်န၀ါရီ၁၀ရက်နေ့တွင် လွိုင်ကော်မြို့နယ်တရားရုံးကပြန် လည်ချိန်းဆိုခဲ့ကြောင်း ကယန်းမျိုးဆက်သစ် လူငယ် KNGYမှ ခွန်းအေထန်းကပြောသည်။

ဒီဇင်ဘာ ၁၉ ရက်က သစ်များတင်ဆောင်လာသည်ဆိုသော တပ်မတော်ရိက္ခာပို့သည့်ကားကို KNPP တပ်ဖွဲ့ဝင်များက တားဆီးခဲ့မှုကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် KNPP တပ်ဖွဲ့ဝင် သုံးဦးနှင့်အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး အဆိုပါဖြစ်ရပ်ကို အမှုမှန်ပေါ် ပေါက်ရေးအတွက် ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)က ဒီဇင်ဘာ ၂၂ရက်နေ့က လွိုင်ကော်မြို့တွင် ဆန္ဒထုတ် ဖော်ခဲ့ပြီး ခွန်ရဲမင်းကျော် အပါအ၀င်ဦးဆောင်သူငါးဦးကို ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ဖြင့် လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့မှူးကတရားစွဲဆိုထားခြင်းဖြစ်သည်။

ဇန်န၀ါရီ ၁၀ရက်နေ့တွင်ထပ်မံချိန်းဆိုသည့် တတိယမြောက်ရုံးချိန်းသည် တရားစတင်စွဲဆိုသည့် ဇန်န၀ါရီ ၅ရက် နေ့မှစ၍ ၆ရက်အတွင်း သုံးကြိမ်မြောက်ရုံးချိန်းဖြစ်သည်။

“ဒီနေ့ကတော့ တရားလိုရယ် ၊တရားလိုပြသက်သေသုံးဦးရယ် ၊လူငယ်ကျောင်းသားတွေကိုစစ်ဆေးတာပေါ့ ။ တရားလိုပြ သက်သေတွေကတော့ ရဲတပ်ဖွဲ့ဝင်တွေရယ် ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက်ပါတာပေါ့ ။ရဲတပ်ဖွဲ့ ၀င်ကတော့ တရားစွဲဆိုတဲ့ အတိုင်းသူတို့ရေးထားတဲ့စာအတိုင်းပဲ ထွက်ဆိုတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးကတော့ သူကတော့ ဆန္ဒထုတ်ဖော်တယ် ဆိုလို့လာကြည့်တယ်။သူကြည့်တဲ့အချိန်မှာမကြားလိုက်တော့ဘူး လူမတွေ့တော့ဘူးလို့ပြောတယ်။ အဲ့တော့ကွဲလွဲနေတာကို တွေ့ခဲ့ရပါတယ်”ဟု တရားခွင်တွင်လိုက်ပါခဲ့သူ ခွန်အေထန်း ကပြောသည်။

KNPPတပ်ဖွဲ့ဝင် ၃ဦးသေဆုံးမှုသည် အစိုးရ ၊တပ်မတော်နှင့် KNPPတို့၏ကိစ္စသာဖြစ်ပြီး ကရင်နီလူငယ်များဆန္ဒထုတ် ဖော်မှုမှာသေဆုံးမှုတွင်ပါဝင်သည့်အရပ်သားတစ်ဦးအတွက် အမှန်တရားပေါ်ပေါက်စေရေးဖြစ်ကြောင်း၎င်းကဆိုသည်။

“အဓိကကတော့အရပ်သားတစ်ဦးသေဆုံးတဲ့ကိစ္စပါပဲ ။ KNPPရဲဘော်တွေသေဆုံးတာကို Focus ထားတာ မဟုတ်ပါဘူး”ဟု၎င်းကပြောသည်။

ဇန်န၀ါရီ ၂၂ရက်နေ့ကပြုလုပ်ခဲ့သည့်ဆန္ဒထုတ်ဖော်ပွဲသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ အရ တရားဝင်ကြိုတင်အသိပေးတင်ပြရမည်ဖြစ်ပြီး အဆိုပါဥပဒေပုဒ်မ -၄အရ ရည်ရွယ်ချက်၊ နေ့ရက်၊ လမ်းကြောင်း ၊ ဖြတ်သန်းလိုသည့်မြို့နယ်များ ၊ကြွေးကြော်လိုသည့်ကြွေးကြော်သံများ ၊ အသိပေးတင်ပြသူ၊ ဥိးဆောင် မည့်ပုဂ္ဂိုလ် ၊ဟောပြောသည့်ပုဂ္ဂိုလ် အမည်ဆက်သွယ်ရမည့်နေရပ် လိပ်စာတို့ကို သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူး ထံသို့တင်ပြရမည်ဖြစ်ပြီး ဥပဒေနှင့်အညီတင်ပြခဲ့ခြင်းမရှိသောကြောင့် ခွန်ရဲမင်းကျော်ပါ ၅ဦးကို ငြိမ်းစုစီပုဒ်မ-၁၉အရ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ဇန်န၀ါရီ ၇ရက်နေ့က ပြည်သူသို့အသိပေး ပန်ကြားချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ၁၉(ငြိမ်းစုစီ)ဥပဒေကိုအယုံအကြည်မရှိ၍ ကရင်နီလူငယ်၅ဦးက ဇန်န၀ါရီ ၅ရက်နေ့ကတရားရုံးတွင် အာမခံလျောက်ထားခဲ့ခြင်း မရှိကြောင်းသိရသည်။

ကိုဥာဏ်

Leave a Reply