မန္တလေးတွင် နှစ်သစ်ကူးညပိုင်း ထိခိုက်ဒဏ်ရာရသူ (၈၁) ဦးရှိ

0
95

ဇန်နဝါရီ ၁
နိုင်လင်းဦး

မန္တလေးမြို့တွင် နှစ်သစ်ကူးညတွင် ယာဉ်မတော်တဆဖြစ်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရသူ(၈၁)ဦးရှိခဲ့ကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာန က သိရသည် ။

ထိခိုက်ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်၍ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ရသူ (၂၁) ဦးရှိပြီး လူသေဆုံးမှုမရှိခဲ့ကြောင်း သိရသည် ။

“ထိခိုက်ဒဏ်ရာရပေမယ့် ဆေးရုံတက်စရာမလိုတဲ့အတွက် ပြန်သွားကြတာပါ။ ဒဏ်ရာပြင်းထန်မှုမရှိတဲ့ သူဆို ဆေးရုံတက်စရာမလိုဘူး။ အများစုက ယာဉ်မတော်တဆမှုကြောင့်ရောက်လာတာများတယ် ။´´ ဟု မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ဆေးလူမှုဆက်ဆံရေးဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မန္တလေးမြို့ နှစ်သစ်ကူးည ၂၀၁၈ခုနှစ် ဒီဇင်ဘာ(၃၁)ရက်နေ့ ည(၈)နာရီမှ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ(၁)ရက် နံနက်(၈)နာရီအထိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာရှိသူ(၈၁)ဦးရှိရာ ပြင်ပလူနာဌာနသို့ ထိခိုက်ဒဏ်ရာဖြင့်ရောက်ရှိလာသူ အမျိုးသား(၅၃)ဦး၊ အမျိုးသမီး(၇)ဦးရှိခဲ့ပြီး အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်သူ အမျိုးသား (၁၉) ဦး၊ အမျိုးသမီး (၂) ဦးရှိခဲ့သည် ။

၂၀၁၇ – ၂၀၁၈ ခုနှစ် နှစ်သစ်ကူးပွဲညပိုင်းက ယာဉ်မတော်တဆဖြစ်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့်မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာရရှိသူ(၆၁)ဦးနှင့် ယာဉ်တိုက်မှုကြောင့်သေဆုံးသူ(၄)ဦးရှိခဲ့ကြောင်း သိရသည်။

နှစ်သစ်ကူးပွဲအဖြစ် ကျုံးဘေး ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့ရှိ Count down ပွဲ၊ မနော်ရမ္မံကွင်း၊ မန္တလာသီရိအားကစားကွင်း၌ IC show ၊ ဦးပိန်တံတားနှင့် မန္တလေးကန်တော်ကြီးတို့တွင် ပျော်ပွဲရွှင်ပွဲ ဖျော်ဖြေပွဲများဖြင့် စည်ကားစွာ ကျင်းပခဲ့ကြသည်။

photo – thein tun aung

Leave a Reply