ရေကြောင်းရဲတပ်ဖွဲ့ က တရားစွဲဆိုထားသည့် တောင်သူမိသားစု (၆) ဦးအား ရုံးထုတ် စစ်ဆေး

0
112

ဇန်နဝါရီ ၃
နိုင်လင်းဦး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် ချော်ဆိပ်ရပ်ရှိ အငြင်းပွားမှုဖြစ်ပေါ်နေသော မြေကွက်အမှတ် (၃၇၀) ဦးပိုင် (၁ – က) မြေဧက (၂.၅) ဧကကျော်ပေါ်တွင် နေထိုင်နေသည့် တောင်သူမိသားစု (၆) ဦးအား ရေကြောင်းရဲတပ်ဖွဲ့ က တရားစွဲဆိုထားရာ ဇန်နဝါရီလ ၇ ရက်နေ့က မဟာအောင်မြေမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

အမှုနှင့်ပတ်သက်၍ တရားလိုအနေဖြင့် သက်သေ အယောက် (၂၀) ကျော် တင်ထားပြီး တရားလိုပြသက်သေ (၃) ဦးအား စစ်ဆေးခဲ့ပြီးဖြစ်သည်။

“ဒီနေ့က ရေကြောင်းရဲတပ်ဖွဲ့ ရဲအုပ် တင့်အောင်ကျော်ကို စစ်ဆေးတယ် ။ သူက မျက်မြင်သက်သေအနေနဲ့ ပါတဲ့အတွက် သက်သေတင်ထားတာပါ ” ဟု ရှေ့နေ ကိုမျိုးမင်းဇော် က ပြောသည် ။

အငြင်းပွား မြေယာပေါ်တွင် နေထိုင်သည့် တောင်သူ ဦးပေါက်စ ပါ (၆) ဦးကို ပုဒ်မ ၃၃၂/၄၄၀ /၂၉၄ /၁၁၄/၁၈၉ တို့ဖြင့်တရားစွဲဆိုထားခြင်းဖြစ်ပြီး တစ်ဦးမှာ ကျောင်းဆရာမ အဖြစ် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းဖြစ်သည်။

အငြင်းပွားမြေသည် ၁၉၉၅ ခုနှစ်က ကမ်းနားလမ်းဖောက်လုပ်ရန်အတွက် သိမ်းဆည်းခဲ့သည့်မြေဖြစ်ပြီး ယခင်က တောင်သူ ဦးပေါက်စ တို့ပိုင်ဖြစ်ကာ ကောက်ပဲသီးနှံများစိုက်ပျိုး၍ မြေယာအခွန်ပြေစာများလည်း ရှိကြောင်း သိရသည်။

ယင်းမြေအား ပြန်လည်ရရှိရေးအတွက် တောင်သူ ဦးပေါက်စအနေဖြင့် နိုင်ငံတော်သမ္မတအပါအဝင် ဝန်ကြီးဌာန အဆင့်ဆင့်ကို တင်ပြတောင်းခံခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) အမည်ဖြင့် ဂရန်ပေါက်ခဲ့သည်။

တောင်သူမိသားစု (၆) ဦးဖြစ်သည့် ဦးပေါက်စ၊ ဒေါ်တင်ဋ္ဌေး၊ မမြင့်မြင့်စန်း၊ မခိုင်ဇာဝင်း၊ ကိုမိုးသီး၊ ကိုမင်းမင်းခိုင် တို့အား နိုဝင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထို့အပြင် အငြင်းပွားမြေပေါ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တောင်သူ ဦးပေါက်စ သည် တောင်သူပိုင်မြေ မကျူးကျော်ရ ဆိုသည့် ဆိုင်းဘုတ်ထောင်ခြင်း နှင့် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သည့်အတွက် ၄၄၇ နှင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ် အောက်တိုဘာလထဲ က အမှုမှ အပြီးအပြတ်လွှတ်ကြောင်း မဟာအောင်မြေတရားရုံးက အမိန့်ချခဲ့သည်။

Leave a Reply