ဘုရားကြီး ဆိုင်ခန်းခ တစ်လကျသင့်ငွေ ထက် ၁၄၀၀၀ ကျပ် တိုးမြှင့်မှု ဆိုင်ခန်းရှင်အချို့ အခက်အခဲရှိဟုဆို

0
109

ဇန်နဝါရီ ၁၀
နိုင်လင်းဦး

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီးရ စောင်းတန်းများရှိ ဈေးဆိုင်ခန်းများကို ဆိုင်ခန်းခ တစ်လကျသင့်ငွေ ထက် ၁၄၀၀၀ ကျပ် တိုးမြှင့်မှုကောက်ခံမှုမှာ အခက်အခဲရှိကြောင်း ဆိုင်ခန်းရှင်အချို့က ပြောသည် ။

ယခင်က ဘုရားကြီးစောင်းတန်းရှိ ဈေးဆိုင်ခန်းများကို တစ်လလျှင် ၆၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ ပေးရပြီး ယခုလမှစ၍ ၁၄၀၀၀ ကျပ်တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သိရသည် ။

“ကျွန်တော်တို့အရင် မျိုးဆက် သုံးဆက်လောက်ကတည်းက ရောင်းလာတာ ။ ဈေးရောင်းတာ အဆင်ပြေတဲ့သူရှိသလို အဆင်မပြေတဲ့သူလည်းရှိတယ် ။ ကျွန်တော်တို့ဆို တစ်ခါတစ်လေ ဈေးဦးမပေါက်တဲ့ရက်တွေရှိတယ် ။ သူတို့ပြောတဲ့ အနေအထားကများတယ် ။ ကျွန်တော်တို့အနေနဲ့ တစ်လ ၁၅၀၀၀ လောက်ဆို အဆင်ပြေနိုင်တယ် ။ ဆိုင်ခန်းခတင်မဟုတ်ဘူး ။ မီတာခလည်းဆောင်ရတယ် အလုပ်သမားခလည်းရှိတယ် ဆိုတော့ အခက်အခဲရှိတယ်။´´ ဟု မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီး မြောက်ဘက်စောင်းတန်းရှိ ဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သည့် ကိုဝင်းမင်း က ပြောသည် ။

မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီး ဂေါပက အနေဖြင့် ဆိုင်ခန်းခများကို တိုးမြှင့်ကောက်ခံခြင်း သဘောမျိုးမဟုတ်ပဲ သန့်ရှင်းရေး ၊ လုံခြုံရေး တို့ကို ဆောင်ရွက်ထားသည့်အတွက် ဘုရားဝေယျာဝစ္စ အသုံးပြုရန် အလှူငွေတိုးကောက်ခြင်းသာဖြစ်ကြောင်း သိရသည် ။

“ကျွန်တော်တို့ပြောတာ ၁၄၀၀၀ တိုးလှူပါ ။ အဲ့ဒီလောက်တိုးမှ ၆၀၀၀ ကျတဲ့ဆိုင်ခန်းဆို ၂၀၀၀၀ ကျမယ် ။ တစ်ရက်မှာ ၆၀၀ ကျော်ပဲ ကျမယ် ။ ဒီငွေကလည်း ဘုရားမှာပြုပြင်မွမ်းမံရမယ့်ဟာတွေ အများကြီးပဲ ။ ဘုရားမှာ ရွှေချရန်ဆိုတာရှိတယ် ။ကျောင်းတော်ကြီး အလှူ ၊ ဓာတ်မီးတော် ၊ ပဒေသာပင် စတာတွေရှိတယ် ။ ဓာတ်မီးတော်က ရတဲ့အလှူငွေကို အိမ်သာဆောက်လို့မရဘူး ။ ရွှေချရန်ထဲက သန့်ရှင်းရေးလုပ်တာ ကားပါကင်လုပ်တာ သုံးမရဘူး ။ တစ်နေ့ ၆၀၀ လောက်ပေးရတဲ့ ဆိုင်ခကို ဘုရားမလှူနိုင်ဘူးလား ။´´ ဟု မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီး ဂေါပက ဥက္ကဋ္ဌ ဦးစိုးဝင်း က ပြောသည် ။

ထိုသို့ တိုးမြှင့်အလှူခံခြင်းသည် ဆရာတော်ဘုရားကြီးတွေထံ သြဝါဒခံပြီး စောင်းတန်းကိုယ်စားလှယ်များနှင့် ညှိနှိုင်း၍ စောင်းတန်းကိုယ်စားလှယ်များက သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည် ။

မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီး တွင် ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ရှိပြီး သဘောမတူသည့်သူများ ၂၀၀ ခန့်သာရှိကြောင်း သိရသည် ။

Leave a Reply