ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျောင်းမြေရောင်းချမှုနှင့် ဘဏ္ဍာငွေ အလွဲသုံးစားမှုများရှိနေ

0
268

မန္တလေး ၊ ဇန်န၀ါရီ ၉ ၊ ၂၀၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် အင်းရွာအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူးသည် အ.မ.က (၁၁၄) ကျောင်းမြေကို ရောင်းချမှုနှင့် အ.မ.က (၁၆) ကျောင်းတွင် KG ကျောင်းဆောက်ရန် ဘဏ္ဍာငွေများ အလွဲသုံးစားလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

အင်းရွာအုပ်သည် ကျေးရွာ (၁၁)ရွာဖြင့်ဖွဲ့စည်းထားသည့် ရွာကြီးဖြစ်ပြီး ယင်းရွာများထဲမှ ခြောက်မျက်နှာကျေးရွာရှိ အ.မ.က (၁၁၄) ကျောင်းမြေ (၂)ဧကကို ၂၀၁၇ ခုနှစ် က ပုဂ္ဂလိကသို့ရောင်းချခဲ့ခြင်းဖြစ်သည်။

“ဒီလိုရောင်းချဖို့ ကျေးရွာရပ်မိရပ်ဖ ဘယ်သူ့ကိုမှလည်း မပြောဘူး ။ ကျွန်တော်တို့ကျောင်းအကျိုးတော်ဆောင်အဖွဲ့လည်းမပြောဘူး ။ သူ့သဘောနဲ့ သူရောင်းစားသွားတယ် ။ အရင်က ရောင်းလိုက်တဲ့မြေ နေရာ ကို ကျောင်းသားကျောင်းသူတွေ ကစားဖို့ ကစားကွင်း နဲ့ အိမ်သာ ဆောက်ဖို့အတွက် ရည်ထားတာဖြစ်ပါတယ်”ဟု ကျောင်း အကျိုးတော်ဆောင် ကော်မတီဝင် ဦးမင်းမင်းထွန်း က ပြောသည်။

အ.မ.က (၁၁၄) ကျောင်းမြေသည် စုစုပေါင်း ၃ ဧကနီးပါးရှိပြီး ၂ ဧက ရောင်းချခဲ့သည့်အတွက် ၁ ဧကခန့်သာကျန်တော့ကာ ကျောင်းဆောင် များ ထပ်မံဆောက်လုပ်ပါက မြေနေရာမရှိတော့ကြောင်း ဦးမင်းမင်းထွန်း က ထပ်မံ ပြောကြားသည်။

ယင်းသို့လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးရုံးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကိုတိုင်ကြားခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလ၌ သက်ဆိုင်ရာအဖွဲ့အသည်းများ စုပေါင်းစစ်ဆေးခဲ့သော်လည်း အရေးယူခြင်းမရှိကြောင်း သိရသည်။

ထို့အပြင် အင်းရွာအုပ်စုအတွင်းရှိ ပျဉ်းလေးပင်ကျေးရွာမှ အ.မ.က (၁၆) ကျောင်းတွင် KG ကျောင်းဆာင် (၆၀×၃၀) ပေ ဆောက်ရန် ဘဏ္ဍာငွေ ကျပ်သိန်း ၂၀၀ ကျော်နှင့် ပတ်သတ်ပြီး ငွေစာရင်းများကို ပွင့်လင်းမြင်သာစွာချပြခြင်းမရှိကြောင်း ဒေသခံများထံက သိရသည်။

“ကျောင်းမှာ သစ်အတွက် တန်ဖိုးတွေကိုလည်း စာရင်းပိုတွေနဲ့ပြထား တယ် ။ အုတ်ကိုလည်း သုံးထားတာထက် ပိုပြီးစာရင်းပြထားတယ်။ ကျေးရွာကလူတွေက စာရင်းရှင်းဖို့ပြောတော့ ရွာပိုင်ငွေနဲ့ လုပ်တာ မဟုတ်ဘူး ။ အစိုးရငွေနဲ့လုပ်တာ ရွာသားတွေကို ပြစရာမလိုဘူးပြော တယ်” ဟု ပျဉ်းလေးပင်ကျေးရွာ မှ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးသိန်းဆောင်က ပြောသည်။

အင်းရွာအုပ်စု အုပ်ချုပ်ရေးမှူးအနေဖြင့် မြေနုကျွန်းခွဲဝေမှုများတွင်လည်း အလွဲသုံးစားမှုများရှိကြောင်း ဒေသခံများထံက သိရသည်။

“သူတို့ပြောတာတွေ တစ်ခုမှမဟုတ်ပါဘူး ။ ကျွန်တော် သိလည်း မသိပါဘူး ။ မြေရောင်းစားတယ်ဆိုတာလည်း ကျောင်းပိုင်မြေ မဟုတ်ပါဘူး ။ ရဲကင်းမြေပါ”ဟု အင်းရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြသိန်း က ပြောသည်။

အင်းရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီ အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြားစာများပို့သွားမည်ဖြစ်ကြောင်း သိရသည် ။

 နိုင်လင်းဦး

Leave a Reply