ရှမ်းပြည်နယ်တွင် ဆုံဆို့နာ သံသယရှိလူနာများအား ဓာတ်ခွဲစမ်းသပ်ထား

0
144

ဇန်နဝါရီ ၁၁
မေစု

ရှမ်းပြည်နယ် တောင်ပိုင်း နှင့် မြောက်ပိုင်း နယ်နမိတ်ထိစပ်ရာ သီပေါ ၊ မိုင်းကိုင် ၊ ရပ်စောက် သုံးမြို့ဆက်စပ် သည့် ဒေသ မှ ရွာများတွင် ဆုံဆို့နာရောဂါ သံသယလူနာ တွေ့ရှိခဲ့ပြီး လူနာ၏ ရောဂါအဖြေကို တိတိကျကျ သိနိုင်ရန် အမျိုးသားဓာတ်ခွဲခန်း သို့ စမ်းသပ်ရန်ပေးပို့ ထားကြောင်း သီပေါဆေးရုံ မှသိရသည်။

ပြီးခဲ့သောရက်အတွင်းက သီပေါမြို့နယ်ဆေးရုံ သို့ ဆုံဆို့နာဖြစ်ပွား သည်ဟု ယူဆရသော ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး ရောက်ရှိသေဆုံးမှု ဖြစ်ပွားခဲ့သည်။

ရောဂါကူးစက်မှုများအား ရှမ်းပြည်နယ် မှ ကျန်းမာရေးဝန်ထမ်း အဖွဲ့များက ကာကွယ်ဆေးရရှိရန် ကွင်းဆင်းလုပ်ဆောင်နေမှုများ ရှိပြီး လက်ရှိတွင် သံသယအနေဖြင့် ဆုံဆို့နာ ရောဂါ ဖြစ်ပွားသည်ဆိုသော အဖြေအား တိတိကျကျထုတ်ပြန်နိုင်ရန် စစ်ဆေးမှုပြုလုပ်ထားဆဲ ဖြစ်ကြောင်းသိရသည်။

” တစ်ကယ်ဖြစ်နေတာက ရှမ်းတောင်ဘက်ပေါ့ သီပေါက ရှမ်းမြောက်ဆိုတော့ အဲ့ဒီ့ဖြစ်နေတဲ့နေရာက နမ့်လမ်ဆေးရုံကို လူနာတွေပို့တယ်။ အဲ့ဒီ့ကမှ သီပေါဆေးရုံကို ပြန်လွဲတဲ့အခါ သံသယ လူနာကိုတွေ့တာ အဲ့လူနာတွေကတော့ ကလေးတွေဖြစ်ပြီး ဆုံးပါးသွားတယ်။ သြဂုတ်လထဲက သံသယလူနာ၁၁ ဦး တွေ့ခဲ့တယ် ။ ဆေးစစ်တော့ ၅ဦးက Confirmဖြစ်တယ်။ ခုတွေ့တာလည်း သံသယအဆင့်ပဲရှိသေးတယ် အဖြေကို နောက်တိတိကျကျ သိရမှထုတ်ပြန်မှာပါ။အဓိကတော့ ဖြစ်နေတဲ့နေရာ တွေက လမ်းပန်းဆက်သွယ်မှုခက်ခဲတာနဲ့ ငြိမ်းချမ်းရေးမရ ရှိမှုတွေကြောင့် အဲ့ဒီ့ဒေက ကလေးတွေမှာ ကာကွယ်ဆေး ကိုမရရှိခဲ့တာတွေကြောင့်ပါ ခုတော့ ကျန်းမာရေးဝန်ထမ်းတွေက ကာကွယ်ဆေးအတွက် ကွင်းဆင်း ပြီး ဆောင်ရွက်နေပါတယ်” ဟု သီပေါမြို့နယ် ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်း ကပြောသည်။

ရှမ်းပြည်နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာလ များအတွင်း ကလေးငယ် ၈၀ ရာခိုင်နှုန်း ကို ကာကွယ်ဆေးလွှမ်းခြုံထိုး နှံနိုင်ခဲ့ပြီး သီပေါမြို့အတွင်း ကလေးပေါင်း ၆၀၀၀ ခန့် ဆုံဆို့ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့သည် ဟုသိရသည်။

ဆုံဆို့နာ ရောဂါ၏ အဓိကလက္ခဏာများမှာ လည်ချောင်းနာခြင်း၊ ရောင်ခြင်း၊ တငွေ့ငွေ့ဖျားခြင်းတို့ ဖြစ်ပွားပြီး ဆုံဆို့နာဖြစ်ပွားစေ သည့်ဗက်တီးရီးယားပိုးမှ ထုတ်သောအဆိပ် (Toxin) ကြောင့် အသံအိုး၊ အာခေါင်၊ လည်ချောင်း များမှာ အစာမျိုရခက်ခြင်း၊ အသက်ရှူကျပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ အချိန်မီ ဆေးကုသမှုခံယူပြီး ဆုံဆို့နာ အဆိပ်ဖြေဆေး ထိုးနှံပေးနိုင်ပါက အသက်အန္တရာယ်မှ ကယ်တင်နိုင်သော်လည်း ဆေးကုသမှုအချိန်မီ မရရှိပါက အဆိပ်ဓာတ်များပျံ့နှံ့၍ နှလုံးကြွက်သားများ ရောင်ရမ်းခြင်းနှင့် အာရုံကြောရောင်ရမ်းခြင်းတို့ဖြစ်ပြီး အသက်သေဆုံး သည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

Photo : Nanda Win

Leave a Reply