မီးပုံးပျံ ပျက်ကျ၍ မီးလောင်မှု မဟုတ်မှန်ကြောင်း ရပ်ကွက်နေသူများရှင်းလင်း

0
41

ဇန်နဝါရီ ၁၁
နိုင်လင်းဦး

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာပုံမြို့သစ် (ဆ) ရပ်ကွက် ၅၃ လမ်းနှင့် ၅၄လမ်ကြား၊ ရတနာပုံလမ်းနှင့် မင်္ဂလာလမ်းကြားတွင် အောက်တိုဘာလ ၂၄ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုမှာ ပေါ့ဆမှုကြောင့်သာဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက မီဒီယာစင်တာ (မန္တလေး) တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားခဲ့သည် ။

ထိုမီးလောင်မှုကြောင့် နေအိမ် (၈) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်ရသည့်အကြောင်းအရင်းမှာ မီးပုံးပျံပျက်ကျခြင်းကြောင့် ဖြစ်ကြောင်း မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ထားသည် ။

“မီးပုံးပျံပျက်ကျလို့ မဟုတ်ဘူး ။ တကယ်က ပေါ့ဆမီးပါ ။ ဒီမီးလောင်မှုကြောင့် ကျွန်မတို့အိမ်တွေပါ ပါသွားတယ် ။ ဒါကို မီးစလောင်တဲ့အိမ်ကနေ ငွေကြေးထောက်ပံ့မယ်ဆိုပြီး အုပ်ချုပ်ရေးမှူး က လူကြီးပီပီ လာညှိပေးတယ် ။ ကျွန်မတို့ကို မီးပုံးပျံပျက်ကျလို့ မီးလောင်တာပါလို့ ထွက်ဆိုခိုင်းတယ် ။သူတို့ထောင်ကျသွားတော့ ကျွန်မတို့အတွက် ဘာအကျိုးမှ မရှိဘူး ။ ခုဟာက သူကျ နှစ်ထပ်တိုက်ဆောက်နေပြီ ကျွန်မတို့က မိုးကာတဲလေးနဲ့ အဆင်ပြေအောင်နေနေရတယ် ။ ဘာထောက်ပံ့မှုမှမပေးဘူး ” ဟု ဒေါ်နွဲ့ရီဝင်း က ပြောသည် ။

ယင်းမီးလောင်မှုဖြစ်စဉ် အဖြစ်မှန်နှင့်ပတ်သက်၍ အဖြစ်မှန်အား ဇန်နဝါရီလ (၈) ရက်နေ့ က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးထံ တင်ပြထားပြီးဖြစ်ကြောင်း သိရသည် ။

“လပြည့်နေ့ဆိုတော့ ကျွန်တော်တို့က အိမ်ရှေ့မှာ ချက်ပြုတ်စားဖို့အတွက် လူစုထိုင်နေတာ ။ ဒါနဲ့ မီးစလောင်တဲ့အိမ်က မနီနီအောင် ကနေ မီးလောင်နေလို့ ညှိမ်းကူပါပြောပါနဲ့ ကူညှိမ်းပေးတယ်။ အော်လိုက်ရမလားဆိုတော့ မအော်နဲ့တဲ့ နောက်တော့မီးလောင်တာ မနိုင်တော့တာနဲ့ အော်လိုက်တယ်။ မီးသတ်ကို ဖုန်းဆက်တာတွေလုပ်တယ်” ဟု မျက်မြင်တစ်ဦးဖြစ်သည့် ကိုလမင်း က ပြောသည် ။

ထို့အပြင် မီးလောင်စဉ်က အိမ်ရှင် ကိုကျော်မိုးခိုင် နှင့် မနီနီအောင် တို့မိသားစုမှာ ဘုရားဖူးသွားနေသည်ဟု ထွက်ဆိုထားသည်မှာလည်း မှန်ကန်မှုမရှိကြောင်း ဒေသခံများထံက သိရသည် ။

Leave a Reply