မြောက်ဦးသစ်တောဌာနဝန်ထမ်းတစ်ဦး လမ်းဘေးရေမြောင်းထဲတွင် သေဆုံးလျက်တွေ့ရှိ

0
43

ဇန်နဝါရီ ၁၁
ညိုမှိုင်း

ရခိုင်ပြည်နယ်မြောက်ဦးမြို့ သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် သစ်တောဝန်ထမ်းတစ်ဦးမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့က လမ်းဘေးရေမြောင်းထဲတွင် ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကိုတွေ့ရှိခဲ့သည်။

အဆိုပါသေဆုံးနေသူမှာ မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာသား ဦးတင်လှဖြစ်ပြီး ၎င်းမှာ သစ်တောဌာန၏တောခေါင်း တာဝန်ထမ်းဆောင်နေသူဖြစ်ကာ မိမိနေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်သွားစဉ် ဆိုင်ကယ်မှောက်၍ လမ်းဘေးချောက်ထဲတွင် သေဆုံးနေခြင်းဖြစ်သည်။

“တောခေါင်းတင်လှသေဆုံးတာက သူစိုက်ခင်းကနေပြီးတော့ အိမ်ကိုပြန်တဲ့အချိန်မှာ လမ်းမှာဆိုင်ကယ်မှောက်ပြီး သေဆုံးတာဖြစ်ပါတယ်။ အရက်မူးပြီးတော့ ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်မှောက်ပြီးတော့ သေတာဖြစ်နိုင်ပါ တယ်။ ရေဆင်းရေကျရှိတဲ့ မြောင်းထဲမှာသေနေတာပါ။”ဟု မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်သူရက ပြောသည်။

၎င်းသေဆုံးနေသည့်နေရာမှာ မြောက်ဦးမြို့နယ်တောင်ပိုင်း ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းဖြတ်သန်းရာ ၅၄၀ ခြေမြန်တပ်ရင်းနှင့် ပေါင်းတုပ်ကျေးရွာအကြား ကျေးတောဧရိယာတွင် သေဆုံးနေခြင်းဖြစ်သည်။

“အနေအထားကတော့ သူ့ဆိုင်ကယ်ကလမ်းဘဲချောက်ထဲမှာ ထိုးကျနေတယ်။ ပြီးတော့ ကိုယ်ပေါ်မှာပိမိနေတယ်။ ဦးခေါင်းမှာလဲ ခဲနဲ့တိုက်မိတဲ့ အဒဏ်ရာကိုတွေ့ရတယ်။”ဟု ရဲစခန်းကပြောသည်။

အလောင်းအား မြောက်ဦးဆေးရုံသို့ပို့ဆောင်ထားပြီးဖြစ်ကာ သေဆုံးမှုနှင့်ပတ်သက်၍ မြောက်ဦးမြို့မရဲစခန်းတွင် သေမှုသေခင်း ဥပဒေပုဒ်မ ၃၀၄ အရအမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း ရဲစခန်းက ပြောသည်။

Leave a Reply