အနောက်တံခါးမှ မငြိမ်းနိုင်သည့် မီးစများ

0
112

သိန်းထွန်းဦး (သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့)

၂၀၁၉ ဇန်န၀ါရီလ ၅ ရက် … မနက်စောစော ရုံးရောက်၍ အလုပ်များနေစဉ်မှာပင် မြည်ဟည်းလာသော ဖုန်းသံကို ကြားလိုက်ရ၏။ တစ်ဖက်မှ စကားသံကို နားထောင်နေစဉ်မှာပင် ဆက်လုပ်ရမည့် ကိစ္စများမှာ ဦးနှောက်ထဲတွင် စီစဉ်ပြီးလေပြီ။ လွယ်နေကျ ကျောပိုးအိပ်ကို စစ်ဆေးလိုက်ပြီး လိုအပ်သည်များ ဖြည့်တင်းလိုက်သည်။ နောက်ထပ် ဆယ့်ငါးမိနစ် အကြာတွင် ခရီးထွက်ရန် အသင့်အနေအထား ဖြစ်သွားလေပြီ။ ထွက်ခွာရမည့် ခရီးစဉ်ကတော့ အနောက်တံခါးဟု တင်စားကြသည့် ရခိုင်ပြည်နယ်၊ မြောက်ဖျားဒေသဆီသို့ …..

ရခိုင်ဒေသသည် မိမိအတွက် မစိမ်းလှပါ။ ယခင်က အိုင်စီစီသို့ Amica Curiae စာတမ်းတင်သွင်းရန် ပြင်ဆင်ချိန်က ကွင်းဆင်းလေ့လာခဲ့ဖူးသည်။ ယခုအခြေအနေကတော့ အနည်းငယ် ထူးခြားသည်ဟု ဆိုနိုင်ပါသည်။ ၂၀၁၉ နှစ်ဦး ဇန်န၀ါရီ ၄ ရက်နေ့တွင် နယ်ခြားစောင့် ရဲကင်းစခန်း (၄) ခုကို ရခိုင်သောင်းကျန်းသူ (AA) အဖွဲ့က သာလွန်အင်အားဖြင့် ၀င်ရောက်စီးနင်း တိုက်ခိုက်သွားခြင်းကို လေ့လာရန်ပင်။ စခန်းတည်နေရာများက ယခင်ရောက်ခဲ့ဖူးသော ဒေသထက်ပို၍ အတွင်းပိုင်းကျပါသည်။ သွားရေးလာရေး ခက်ခဲသည့် အနေအထားဟုလည်း သိရှိထားပြီးဖြစ်သည်။ ရခိုင်ပြည်နယ် မြေပုံပေါ်တွင် ကြည့်လိုက်မည်ဆိုပါက တိုက်ခိုက်ခံရသော ရဲကင်းစခန်းများအားလုံး မြောက်မှ တောင်သို့ အထက်အောက် စီတန်းနေသည်ကို မြင်နိုင်သည်။ စခန်းများအားလုံး ဘူးသီးတောင်မြို့မြောက်ဖက်တွင် တည်ရှိနေပြီး ယခင်က ARSA တို့ လှုပ်ရှားခဲ့ဖူးရာ မေယုတောင်တန်း အနောက်ဖက်နယ်မြေနှင့် အပြိုင်ဖြစ်နေသည်ကိုလည်း စိတ်ဝင်စားဖွယ်ရာ တွေ့ရှိရသည်။ ခရီးသွားနေစဉ်အတွင်း မေးခွန်းများက အတွေးထဲတွင် အစီအရီပေါ်ထွက်လာပြန်သည်။ ဘာဖြစ်လို့ ရဲကင်းစခန်းတွေကို တိုက်ခိုက်ရတာလဲ … ??? ဘာအကျိုးအမြတ်ကို မျှော်လင့်ထားသလဲ … ??? ရှေ့ဆက်ဖြစ်လာမယ့် အလားအလာက ဘာတွေလဲ … ???

ညအိပ်တည်းခိုရမည့် ဘူးသီးတောင်မြို့သို့ ရောက်ရှိချိန်တွင် ညနေလေးနာရီခန့် ရှိပေပြီ။ အတူပါလာသည့် သတင်းမီဒီယာများက သက်ဆိုင်ရာတာဝန်ရှိသူများကို အင်တာဗျူးကြသည်။ ခေတ္တခဏ အနားယူကြပြီး မနက်ဖြန်အတွက် အစီအစဉ်များ အကြမ်းရှင်းလင်းပြသည်ကို နားထောင်ရသည်။ ညနေမှောင်စပျိုးတွင်ပင် တိုက်ပွဲအတွင်း ဒဏ်ရာရသူများ မောင်တောဆေးရုံသို့ ရောက်ရှိနေသည်ကို တွေ့ဆုံမေးမြန်းနိုင်ရန် စီစဉ်ထားသဖြင့် ဆက်ထွက်ဖြစ်ကြသည်။ လမ်းခရီးက ကြမ်းတစ်ဝက်၊ ချောတစ်ဝက် မှောင်မှောင်မဲမဲတွင်ပင် မောင်တောဆေးရုံသို့ ရောက်ကြသည်။ ဒဏ်ရာရသူများ အားလုံးက တိုက်ပွဲအတွင်း ခုခံရင်းဖြင့် ကျန်ခဲ့ကြသော စခန်းများမှ ဖြစ်ကြသည်။

သူတို့ဆီမှ အဓိကသိရသည့် အချက်များက … စခန်းအနီးရွာများသို့ AA များ ရောက်လာသည်ကို ကြိုတင်သတင်းရသည်။ တိုက်ပွဲစတင်ချိန်မှာ မနက် ၆ နာရီဝန်းကျင်ခန့် ဖြစ်သည်။ ရခိုင်စကားဖြင့် လက်နက်ချခိုင်းသည်။ အင်အား ၅၀ မှ ၁၀၀ ကြားဟု ခန့်မှန်းသည်။ စတင်တိုက်ခိုက်စဉ်က လက်နက်ငယ်များသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် လက်နက်ကြီးများ ပါဝင်လာပြီး ဆက်တိုက်ပစ်ခတ်သည်။ စခန်းစည်းရိုးနားထိ ကပ်နိုင်သည် (ခထီးလှစခန်းတွင် ခြံစည်းရိုး ဖောက်ဝင်နိုင်ခဲ့)။ မနက် ၉ နာရီပတ်ဝန်းကျင်တွင် စစ်ကူများ ရောက်ရှိလာပြီး AA သောင်းကျန်းသူများ ဆုတ်ခွာသွားသည်။ မေးမြန်းပြီး၍ သိရသမျှက ဤမျှသာ … စခန်းအနေအထားကို မျက်မြင်ကွင်းဆင်း လေ့လာပြီးမှသာ အသေးစိတ် သုံးသပ်နိုင်မည်ဖြစ်သည်။ ပြီးသည်နှင့် မောင်တောမှ ဘူးသီးတောင်သို့ ပြန်ထွက်ခဲ့ကြသည်။ နယ်မြေခံတပ်မှ တာဝန်ရှိသူက ယာဉ်တန်းအသွားအပြန် လုံခြုံရေးကို စီစဉ်ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိရပါသည်။ တိုက်ခိုက်ခံရသည့် စခန်းများသို့ နောက်တစ်နေ့ မနက် ၇ နာရီခွဲတွင် ထွက်ခွာရန်စီစဉ်ပြီး အနားယူလိုက်တော့သည်။

၂၀၁၉ ဇန်န၀ါရီ ၆ ရက် … ညက အတော်လေးအေးလွန်းပြီး အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့်သာ အချိန်ကုန်ခဲ့သည်။ ညဥ့်အတော်နက်နက်တွင် အဝေးတစ်နေရာမှ ပစ်ခတ်သံ သုံးလေးချက် ကြားလိုက်ရသည်။ မနက်ဖြန်ကို ပို၍သာ သတိထားရတော့မည်။ လုံခြုံရေးဆိုသည်မှာ မည်သည့်အခါတွင်မျှ ပြီးပြည့်စုံသွားသည်ဟု မရှိပါချေ။ အိပ်ရာထပြီးသည်နှင့် မနက်စာစားကြပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအလာကို စောင့်ကြသည်။ ရဲကင်းစခန်းများသို့ သူတို့ပါလိုက်မည်။ တာဝန်ရှိသူများ ရောက်လာသည်နှင့် မီဒီယာများက အင်တာဗျူးလုပ်ကြပြီး သိလိုသည်များ မေးမြန်းကြသည်။ အင်တာဗျူးမှ အဓိကကောက်နှုတ်ရသည်မှာ ရဲကင်းစခန်းများအတွက် လက်နက်နှင့် လူအင်အားမှာ ပြည့်စုံသည်ဟု ပြောနိုင်သည်။ ရန်သူသတင်းလည်း ကြိုတင်ရရှိထားသည်။ သာလွန်အင်အားသုံးပြီး ၀ိုင်းပတ်တိုက်ခိုက်ခြင်းကြောင့် ရဲကင်းစခန်းနှစ်ခုနှင့် ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးသည်။ ရဲကင်းစခန်းများအတွက် ပစ်ကူ၊ စစ်ကူများ ပေးပို့ခဲ့ရသည်။ ရန်သူ့ဖက်မှ လက်နက်ကြီးသုံးစွဲမှု များပြားသည်။ ဓားစာခံအဖြစ် ဖမ်းဆီးသွားသူများ ပြန်လည်ရရှိပြီးဖြစ်သည်။ နောက်ဖြစ်ပေါ်လာမည့် တိုက်ခိုက်မှုများအတွက် ထပ်မံပြင်ဆင်သွားမည်။ သိရှိလာရသော သတင်းအချက်အလက်များမှာ တူညီမှုရှိနေပြီး မြေပြင်အခြေအနေကိုသာ လေ့လာရန် ကျန်ရှိတော့သည်။ သို့သော် ရခိုင်ဒေသ၏ ရာသီဥတုအခြေအနေအရ ရဟတ်ယာဉ် ပျံသန်းရန် မဖြစ်နိုင်သေးရာ စောင့်ဆိုင်းနေကြရသည်။ တိုက်ခိုက်ခံရသည့် ရဲကင်းစခန်းလေးခုတွင် လုံခြုံရေးအခြေအနေကြောင့် နှစ်ခုသို့သာသွားရန် ဆုံးဖြတ်လိုက်ကြသည်။ ခန့်မှန်းခြေ မနက်ဆယ်နာရီကျော် ရာသီဥတုကြည်လင်လာမှ စတင်ထွက်ခွာရသည်။ ပထမဆုံး သွားရောက်သည့် နေရာက ခထီးလှရဲကင်းစခန်းဖြစ်သည်။

ရဲကင်းစခန်းက ခထီးလှရွာအစွန်တွင် တည်ရှိနေပြီး ကုန်းအမြင့်လေးပေါ်တွင် တည်ဆောက်ထားသည်။ သို့သော် စခန်းအနောက်ဖက်တွင် စခန်းကုန်းထက်မြင့်သော တောင်ကုန်းတစ်ခုရှိနေသည်။ စခန်းအရှေ့ဖက်တွင်လည်း တောင်ကြော အမြင့်တစ်ခုက ရှိနေပြန်သည်။ ယခုစခန်းကို အနည်းဆုံး သုံးဖက်မှ ၀ိုင်းပတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အထူးသဖြင့် စခန်းနောက်ကျောမှ တောင်ကုန်းကို အဓိကခြေကုပ်ယူ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရန်သူများ စခန်းခြံစည်းရိုးအတွင်းထိ ဖောက်ဝင်နိုင်ခဲ့ပြီး ရဟတ်ယာဉ်ပစ်ကူ ပေးနိုင်မှုကြောင့်သာ စခန်းမကျခဲ့ခြင်းဟု သိရသည်။ ရန်သူသည် လက်နက်ငယ်အပြင် ၄၀ မမ ဗုံးပစ်လောင်ချာ၊ အာရ်ပီဂျီနှင့် ၆၀ မမ စိန်ပြောင်းတို့အထိ သုံးစွဲခဲ့မည်ဟု ခန့်မှန်းရသည်။ စခန်းနောက်ကျောနှင့် ဘေးနံရံတို့တွင် မွစာကြဲနေသောကျည်ဆံရာများ၊ ၄၀ မမ ဖောက်ဝင်သွားသည့်နေရာများကို တွေ့မြင်ရသည်။ တိုက်ပွဲကြောင့် ကျဆုံးသူနှင့် ဒဏ်ရာရသူများ ရှိခဲ့သည်။ စခန်းနေရာ အနေအထားက ရေရှည်တိုက်ပွဲတစ်ခုအတွက် အဆင်ပြေနိုင်မည် မဟုတ်ပါ။ ခြံစည်းရိုးနှင့် ပစ်ကျင်းများ တည်ဆောက်ထားပုံက လုံခြုံရေးကင်းစခန်းတစ်ခုအတွက် လုံလောက်ကောင်း လုံလောက်မည်ဖြစ်သော်လည်း ယခုကဲ့သို့ တိုက်ပွဲပုံစံ စီးနင်းခံရခြင်းမျိုးအတွက် သင့်လျှော်ခြင်းမရှိသည်ကို သတိပြုမိသည်။

နာရီဝက်မျှ အကြာတွင် ဂုပ္ပီစခန်းသို့ ဆက်ထွက်သည်။ စခန်းသည် ကုန်းမြင့်လေးပေါ်တွင် တည်ရှိနေပြီး စခန်းအရှေ့ ခပ်လှမ်းလှမ်းတွင် အိမ်ခြေနှစ်ဆယ်ခန့် ရွာလေးတစ်ရွာ ရှိနေသည်။ နောက်ကျောဖက်တွင် ဆက်စပ်ကုန်းကျောတစ်ခု ရှိနေပြန်သည်။ အဆိုပါနေရာမှပင် တိုက်ခိုက်မှုစတင်ခဲ့ပြီး ခြံစည်းရိုးနား ကပ်နိုင်ရုံမျှသာ ထိုးဖောက်နိုင်ခဲ့သည်ဟု သိရသည်။ ယခုစခန်းတွင်လည်း ကျည်ဆန်ရာများနှင့် ၄၀ မမ ဗုံးသီး ထိမှန်ထားသည်များ တွေ့မြင်ခဲ့ရသည်။ ရဲဘော်တစ်ဦး၏ ဟဲလ်မက်တွင် ကျည်ဆန်ထိမှန်ရာကို တွေ့ရှိရသဖြင့် ဓာတ်ပုံမှတ်တမ်း ရယူခဲ့သည်။ စခန်းမှာ ပထ၀ီအနေအထားအရ တစ်ဖက်တည်းမှသာ တိုက်ခိုက်ရန် အခွင့်အလမ်းရှိသည်ကို တွေ့ရသည်။ ထိုအားသာချက်ကြောင့်ပင် စခန်းလည်းမကျ အကျအဆုံးလည်း မရှိပဲ ဒဏ်ရာရသူများသာ ရှိခဲ့သည်။ စခန်းတည်ဆောက်ပုံမှာ ကင်းစခန်းတစ်ခုအနေဖြင့်သာ သင့်လျှော်ပြီး တိုက်ပွဲဝင်နိုင်ရန်အတွက် ပြင်ဆင်မှုများစွာ လိုအပ်မည်ကို တွေ့ရှိရသည်။ ဂုပ္ပီစခန်းတွင်လည်း နာရီဝက်မျှသာ နေခဲ့ပြီး လိုအပ်သည်များ မေးမြန်းလေ့လာပြီးသည်နှင့် ပြန်လည်ထွက်ခွာခဲ့ကြသည်။ စစ်တွေမြို့သို့ နေ့လည်သုံးနာရီခန့် ရောက်ရှိပြီး ရန်ကုန်မြို့သို့ ညခုနှစ်နာရီခန့်တွင် လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။

ယခုသွားရောက်လေ့လာခဲ့ရသည့် အခြေအနေများကို ခြုံငုံသုံးသပ်သည်ထက် အကြောင်းအရာ တစ်ခုချင်းစီအလိုက် သီးသန့်ရေးသားမှသာ ပိုမိုပေါ်လွင်မည်ဟု စဉ်းစားမိပါသည်။ အနောက်တံခါးဝ အခြေအနေသည် အခြားဒေသများထက် ပိုမိုရှုပ်ထွေးပြီး နားလည်ရန်ခက်ခဲပါသည်။ အထူးသဖြင့် အင်အားကြီးနိုင်ငံများ၏ အင်အားပြိုင်ကစားပွဲ (Power Game) တည်ရှိရာနေရာလည်း ဖြစ်နေသည်။ မြန်မာနိုင်ငံသည် ပထ၀ီနိုင်ငံရေးအရ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက် နေရာ နှစ်ခုအနက်မှ တစ်ခုဖြစ်သည်။ ထွက်ပေါက်တစ်ခုမှာ ပါကစ္စတန်ဖြစ်ပြီး လက်ရှိအနေအထားအရ မြန်မာနိုင်ငံက တရုတ်အတွက် အကောင်းဆုံးလမ်းကြောင်းတစ်ခု ဖြစ်လာရန် အားသာနေပါသည်။ ထိုအခြေအနေသည် တိုးတက်လာသော တရုတ်အင်အား (Rising Power) နှင့် အမေရိကန်၏ တရုတ်ထိန်းချုပ်ရေးမူဝါဒ (China Containment Policy) တို့ကြား ထိတိုက်ပွန်းရှမှုများ၏ ဒဏ်ကို ပိုမိုခံစားရမည့် ညွှန်းကိန်းတစ်ခုလည်း ဖြစ်နေပါသည်။ အနောက်ဖက်ဒေသမှ တစ်ဆင့် တရုတ်နိုင်ငံတွင်းသို့ သွယ်တန်းထားသော ရေနံသယ်ပို့ပိုက်လိုင်းများ (နောက်တွင် မီးရထားလမ်းများပါ ဖြစ်လာနိုင်ရန် စီမံကိန်းရှိ) သည် တရုတ်၏ အမျိုးသားအကျိုးစီးပွား (National Interest) ဖြစ်သကဲ့သို့ အနောက်ဖက်ဒေသတွင် မငြိမ်မသက်ဖြစ်စေခြင်းဖြင့် တရုတ်ကိုနှောက်ယှက်ရန်မှာ တရုတ်၏ပြိုင်ဘက် နိုင်ငံကြီးတို့အတွက် အရေးကြီးလုပ်ငန်းစဉ်သာ ဖြစ်သည်။ ထိုအခြေအနေတွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ပြီးဆုံးကတည်းက အစပြုခဲ့သော ဘင်္ဂလီပြဿနာမှာ လောင်မြိုက်ရန် အားကောင်းလှသည့် မီးစပင်ဖြစ်သည်။ ယခုပင်လျှင် ဘင်္ဂလီဂယက်က ဖြေရှင်း၍ မပြီးဆုံးနိုင်သေး။ ထိုကဲ့သို့သော အချိန်မျိုးကိုမှ ရခိုင်သောင်းကျန်းသူ (AA) တို့က နယ်ခြားစောင့်ရဲစခန်းများကို ၀င်ရောက်စီးနင်း တိုက်ခိုက်ခြင်းက မေးခွန်းထုတ်ရန် ဖြစ်ခဲ့လေသည်။

ယခုဖြစ်စဉ်တွင် အကြောင်းအရာသီးသန့် ခွဲခြားသုံးသပ်မည်ဆိုပါက AA ၏ လှုပ်ရှားမှုများ၊ နယ်ခြားစောင့် ရဲကင်းများ အခြေအနေ၊ အစိုးရဖက်မှ တုံ့ပြန်မှုများ၊ AA နှင့် ARSA အဆက်အစပ်၊ ရှေ့အလားအလာ စသည်ဖြင့် ခွဲခြားနိုင်ပေမည်။

AA ၏ လှုပ်ရှားမှုများ … AA သည် စတင်ဖွဲ့စည်းကတည်းက ဌာနချုပ်ဟု သတ်မှတ်ခဲ့သည်မှာ ကချင်ပြည်နယ် လိုင်ဇာတွင် ဖြစ်နေသည်။ အခြေခံနယ်မြေ စတင်တည်ဆောက်ခြင်းတွင်ပင် လွဲမှားနေသည်ဟု ယူဆရမည်။ ထို့အပြင် စစ်ရေးအနေဖြင့် သီးသီးသန့်သန့် လှုပ်ရှားနိုင်ခဲ့ခြင်းမရှိပဲ သမ္မတကြီးဦးသိန်းစိန်လက်ထက် NCA လက်မှတ်ထိုးရန် အချိန်တွင်မှ ပေါ်ထွက်လာခဲ့ခြင်းကလည်း စဉ်းစားစရာများ ရှိနေပါသည်။ မကြာသေးမီက တပ်မတော်မှ ထုတ်ပြန်ခဲ့သည့် လေးလတာ အပစ်အခတ်ရပ်စဲရေးကို AA ဌာနချုပ်ရှိရာ နယ်မြေဒေသတွင် လုပ်ဆောင်ရန်စိတ်ကူးမရှိပဲ ရခိုင်ဒေသဆီသို့ စစ်မျက်နှာ ဖွင့်လိုက်ခြင်းက တစ်ခြားသောကြံရွယ်ချက် ရှိနေသည်ကို ထင်ရှားစေသည်။ ဖြစ်နိုင်ခြေမှာ NCA လက်မှတ်ထိုးပြီး SSR/DDR လုပ်ငန်းများ ဆောင်ရွက်ရပါက အခြေခံနယ်မြေ သီးသန့်မရှိသည့်အတွက် ရခိုင်ဒေသသို့ နယ်မြေချဲ့ထွင် ခြေကုပ်ယူရန် ကြိုးစားလာခြင်းဟု ယူဆရပါသည်။ သို့သော် ဦးတည်ချက်နှင့် ကြွေးကြော်ချက်များတွင် ဖော်ပြလာသော ရခိုင်နိုင်ငံတော်ကြီး ထူထောင်ရန်ဟူသော အသုံးအနှုန်းမှာ ယနေ့လက်ရှိကာလနှင့် အတော်ပင် အစပ်အဟပ်မတည့်သည်ကို တွေ့ရသည်။ မည်သို့မျှ ဖြစ်လာနိုင်ရန်မရှိပဲ လူသစ်စုရာတွင် ကြားကောင်းအောင် သုံးစွဲထားသည့် အသုံးအနှုန်းဟုသာ ထင်မြင်ပါသည်။ အဆိုးရွားဆုံးအချက်မှာ တပ်မတော်နှင့် ထိတွေ့ခြင်းမဟုတ်ပဲ နယ်မြေလုံခြုံရေးအတွက် ထားရှိသော ရဲကင်းစခန်းများကို ၀င်ရောက်တိုက်ခိုက်ခြင်းပင်။ ထို့အပြင် အရပ်သားများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းက အကြမ်းဖက် လုပ်ရပ်များကို ပုံတူကူးချနေသည်လားဟု မေးခွန်းထုတ်စရာဖြစ်လာပါသည်။ ဓားစားခံများ ဖမ်းဆီးသွားခြင်းမှာ အစိုးရဖက်မှ လိုက်လံချေမှုန်းပါက လူသားဒိုင်းအဖြစ် အကာအကွယ်ရစေရန်ဖြစ်ပြီး သူတို့၏ လွတ်မြောက်ရေးတွင် လိုသလို အသုံးချရန် ဖြစ်သည်။ တိုက်ခိုက်မှုသည် ဦးတည်ချက် မျှော်မှန်းချက် များစွာရှိနိုင်သော်လည်း AA တို့ မျှော်မှန်းခဲ့သလောက် တိုက်ရိုက် အကျိုးအမြတ် မရရှိဟုသာ သုံးသပ်ရပါမည်။

နယ်ခြားစောင့် ရဲကင်းစခန်းများ အခြေအနေ … ရဲကင်းစခန်းများသည် နယ်မြေလုံခြုံရေး တာဝန်များအတွက် သင့်လျော်မည် ဖြစ်သော်လည်း ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းမျိုးအတွက် လုံလောက်သော ခံစစ်ဆင်နိုင်စွမ်း မရှိဟုသာ သုံးသပ်ရပါမည်။ စခန်းနေရာ အနေအထားများမှာ မိမိနေရာထက် မြင့်မားသော တောင်ကုန်းများ ကပ်လျက်ရှိနေခြင်း၊ တစ်ဆက်တည်း တောင်ကြောများ ရှိနေခြင်းတို့က စစ်ဗျူဟာအရ အားနည်းမှုကို ဖြစ်စေမည်ဖြစ်သည်။ ခြံစည်းရိုးများ၊ ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများသည် လက်ရှိအခြေအနေထက် ပိုမိုအဆင့်မြှင့်တင်ရန် လိုအပ်မည်ဖြစ်သည်။ (ဤနေရာတွင် စခန်းမကျသွားအောင် ရဲရဲဝံ့ဝံ့ ခုခံတိုက်ခိုက်ခဲ့သည့် ခထီးလှစခန်းနှင့် ဂုပ္ပီစခန်းမှ စခန်းမှူးများကို ချီးကျူးဂုဏ်ပြုရပေမည်။) သတင်းများ ကြိုတင်ရရှိထားသော်လည်း မိမိတို့အပေါ် မတိုက်ခိုက်နိုင်လောက်ဟူသော အတွေးများ ရှိကောင်းရှိနေနိုင်သည်။ ထို့ကြောင့် ပထ၀ီအငိုက်၊ လူအငိုက် ရရှိသွားပြီး ကျောင်းတောင်နှင့် ငမြင်းဘော်စခန်းများ ခေတ္တကျဆုံးသွားရသည်ဟု သုံးသပ်ပါသည်။ (ရန်သူတို့သည် စခန်းများမတိုက်မီ နီးစပ်ရာရွာများမှ သံဆူးကြိုးဖြတ်ရန် ပလာယာများ ယူသွားခဲ့သည်ဟု သတင်းရရှိထားရာ မည်သည်ကို ဦးတည်နေကြောင်း သုံးသပ်နိုင်သည်။) လုံခြုံရေးအရ နောက်ပိုင်းကာလများတွင် မည်သူ့ကိုမျှ ယုံကြည်ရန် မဖြစ်နိုင်ပါ။ အမြဲတမ်း သတိရှိထားရမည့် အနေအထားဖြစ်သွားပြီဟု သုံးသပ်ရပါသည်။ အထူးသဖြင့် ယခုတိုက်ခိုက်ခံရသော စခန်းအားလုံးသည် မေယုတောင်ကြော အရှေ့ဖက်၊ ဘူးသီးတောင်မြို့ အထက်ပိုင်းတွင်ဖြစ်ရာ နယ်မြေထိန်းသိမ်းမှုသာ အသာစီးရခဲ့ပါလျှင် အခြေခံနယ်မြေ ပြောင်းလဲတည်ဆောက်သွားမည့် အနေအထားဟု သုံးသပ်ရပါသည်။

အစိုးရဖက်မှ တုံ့ပြန်မှုများ … အစိုးရအနေဖြင့် ယခုကိစ္စတွင် အတော်လေး သွက်သွက်လက်လက် တုံ့ပြန်ခဲ့သည်ဟု သုံးသပ်ရပါမည်။ အချိန်မီ သတင်းထုတ်ပြန်ခြင်း၊ မီဒီယာများကို အချိန်နှင့်တပြေးညီ တိုက်ခိုက်ခံရသော နေရာများသို့ သွားရောက်သတင်းယူစေခြင်းတို့က ထူးခြားမှုဖြစ်သည်။ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမည်မခံသော်လည်း ထိပ်ပိုင်းခေါင်းဆောင်များ စုပေါင်းဆွေးနွေးကြပြီး ဆက်လက်လုပ်ဆောင်သွားမည်တို့ကို သတင်းစာရှင်းလင်းပွဲ၌ အတိအကျ ဖော်ပြခဲ့ခြင်းက အစိုးရ၏ သဘောထားကို တွေ့လိုက်ရခြင်းပင်။ တစ်ခုသတိထားရမည်မှာ တပ်မတော်ကို အခွင့်အာဏာ လွှဲအပ်၍ နယ်မြေရှင်းလင်းရန် ခွင့်ပြုကြောင်း စာဖြင့်ထုတ်ပြန်ခြင်းမျိုးက ပို၍ခိုင်မာမည်ဟု သုံးသပ်ပါသည်။

AA နှင့် ARSA အဆက်အစပ် … ပူးတွဲပါ မြေပုံတွင် လေ့လာနိုင်ပါသည်။ ARSA လှုပ်ရှားမှုများ လုပ်ခဲ့သောနေရာက မေယုတောင်ကြော အနောက်ဖက်ဖြစ်ပြီး AA တို့က မေယုတောင်ကြော အရှေ့ဖက်ကို နေရာယူထားခဲ့ကြသည်။ ရခိုင်လူမျိုးတို့၏ စိတ်သဘောထားအရ ဘင်္ဂလီကုလားများကို လက်မခံနိုင်သော်လည်း AA နှင့် ARSA တစ်ကြိမ်တစ်ခါမျှ ထိတွေ့မှု မရှိခဲ့ခြင်းက အံ့သြစရာကောင်းပါသည်။ ARSA အနေဖြင့် တိုင်းရင်းသားကျေးရွာများကို တိုက်ခိုက်နေစဉ် AA ဘယ်ရောက်နေမှန်းမသိရသလို AA ယခုလှုပ်ရှားခဲ့သည့် နယ်မြေကိုလည်း ARSA တို့ ၀င်မရှုပ်ခဲ့ကြပေ။ သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော အချက်များအရ AA နှင့် ARSA တို့ ပူးပေါင်းခဲ့သည်ဟု သိရသည်။ မြေပြင်ကွင်းဆင်း လေ့လာမှုများအရ AA နှင့် ARSA ပူးပေါင်းရန် ဖြစ်နိုင်သော အဓိကအကြောင်း နှစ်ချက်တွေ့ရသည်။ ပထမအချက်မှာ AA နှင့် ARSA ကြား ဘုံသဘောတူညီချက်ဖြင့် ရခိုင်ဒေသကို လွတ်မြောက်နယ်မြေပြုလုပ်ရန် ဖြစ်သည်။ (အစီအစဉ် အောင်မြင်ပါက ARSA တို့က ရခိုင်ပြည်နယ် မြောက်ခြမ်းတွင် နေရာရရှိမည့် အလဲအလှယ်ဖြစ်သည်။) ဒုတိယအချက်မှာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ပါက အရေးအကြီးဆုံးဖြစ်သည့် ရန်ပုံငွေရရှိရေးဖြစ်သည်။ AA နှင့် ARSA ပူးပေါင်းပြီး စိတ်ကြွဆေးပြားများကို ဘင်္ဂလားဒေ့ရှ် မှတစ်ဆင့် အရှေ့အလယ်ပိုင်းသို့ တင်သွင်းဖြန့်ဖြူခြင်းဖြင့် ၀င်ငွေရှာဖွေခြင်းဖြစ်သည်။ အခြားသော သတင်းရင်းမြစ်များအရ နယ်ခြားမှတ်တိုင် ဘီပီ-၆၃ မှ ၆၇ အနီး တစ်ဖက်နိုင်ငံအတွင်း AA စခန်းနှင့် ARSA စခန်းများ တည်ရှိနေသည်ဟု သိရသည်။ တစ်ဖက်နိုင်ငံအတွင်း အတူတူအခြေချနေသူများကြား ပူးပေါင်းမှု တစ်စုံတစ်ရာ ရှိနေမည်ဆိုသည်က ယုံမှားသံသယဖြစ်ရန် မလိုပေ။ နောက်ထပ်တစ်ခုမှာ ARSA သည် မူရင်းနာမည် ဖျောက်၍ အခြားနာမည်သုံးကာ ထပ်မံလှုပ်ရှားလာဦးမည်ဆိုသည့် သတင်းပင်ဖြစ်သည်။ ယခုအခါ ARSA အစား AA က စစ်မျက်နှာဖွင့်လာခဲ့ပြီဖြစ်ရာ တိုက်ဆိုင်မှုဟုပင် ဆိုရပါမည်။ ARSA အနေဖြင့် နာမည်သစ်ဖြင့် ထပ်မံလှုပ်ရှားလာမည့် အရေးကိုလည်း သတိပြုဖွယ်ရာဖြစ်သည်။
ရှေ့အလားအလာများ … ရခိုင်အရေးကိစ္စသည် အင်အားကြီးသူတို့ကစားပွဲ (Power Game) အတွက် ကြားခံနယ်မြေ (Buffer Zone) သာဖြစ်သည်။ အခြားသောအကြောင်းအရာများ ထပ်ဆင့်ပြီး ပုံဖျောက်လမ်းလွှဲထားခြင်းသာ။ Power Game အတွက် အရေးကြီးအချက်မှာ အနောက်နိုင်ငံကြီးအနေဖြင့် ရခိုင်ဒေသ မတည်မငြိမ်ဖြစ်နေစေရေးနှင့် တရုတ်၏ OBOR ကို တစ်ဖက်တစ်လမ်းမှ နှောက်ယှက်ရန်သာဖြစ်ပြီး တရုတ်တို့အနေဖြင့် OBOR စီမံကိန်းချဲ့ထွင်ရေးနှင့် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်သည် လုံခြုံစိတ်ချရရေးပင် ဖြစ်သည်။ ထိုသုံးသပ်ချက်ကို ရဲကင်းစခန်း တိုက်ခိုက်မှုများအပြီး၌ အစောဆုံး ထွက်ပေါ်လာသည့် တရုတ်၏ ကြေငြာချက်က သက်သေပြုနေသည်။ မြန်မာနိုင်ငံအနေဖြင့် မိမိ၏ အမျိုးသားအကျိုးစီးပွား (National Interest) အပေါ် အခြေခံကာစဉ်းစားပါက မည်သို့မည်ပုံ လုပ်ဆောင်ရမည်ဆိုသည်မှာ ရှင်းလင်းစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။ မိမိတို့နိုင်ငံ၏ လက်ရှိ အနေအထားအရ အင်အားတောင့်တင်းသော (နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး) နိုင်ငံတစ်ခုဖြစ်လာရန် တော်တော်ကြီးပင် ကြိုးစားရပါဦးမည်။ လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားမသွားစေရန် ထိန်းထားနိုင်ဖို့သည်ပင်လျှင် အတော်အရေးကြီးလှသည့် အနေအထားဖြစ်ပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဖြစ်သင့်ဖြစ်ထိုက်သော လက်တွေ့ကျသည့် မဟာဗျူဟာသုံးသပ်မှုများကသာ လက်ရှိဖြစ်ပေါ်နေသည့် ကိစ္စရပ်အများစုကို ဖြေရှင်းနိုင်လိမ့်မည်ဟု သုံးသပ်ပါသည်။

ဤနေရာတွင် မဟာဗျူဟာ စဉ်းစားမှုတစ်ရပ် ဖြစ်ပေါ်လာသည်မှာ မြန်မာနိုင်ငံအရှေ့မြောက်ဒေသတွင် တပ်မတော်ဖက်မှ စစ်ပွဲများလေးလတာ ရပ်တန့်ပေးချိန်တွင် AA တို့က ရခိုင်ဒေသတွင်း စစ်ပွဲများဖန်တီးလိုက်ခြင်းမှာ သာမာန်ထက်ပိုသော သွယ်ဝိုက်အကျိုးဆက်ကို မျှော်မှန်းနေသလားဟု သုံးသပ်မိခြင်းဖြစ်သည်။ အနောက်နိုင်ငံကြီးများက ICC ကို အသုံးချ၍ တပ်မတော်ကို နိုင်ငံတကာခုံရုံးတင် အပြစ်ပေးရန် ကြိုးပမ်းနေမှုကို အများသိပြီးဖြစ်သည်။ ARSA အနေဖြင့် တပ်မတော်မှ စစ်ရာဇ၀တ်မှုများ (War Crimes) ကျူးလွန်သည်ဟု ပုံဖော်ရန် ကြိုးပမ်းခဲ့သော်လည်း အရာမထင်ခဲ့ပေ။ ထို့အပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်စခန်းများ များပြာလာခြင်းကို တပ်မတော်မှ တိုက်ပွဲများရပ်တန့်ပေးခြင်းဖြင့် စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်ရေး စဉ်းစားလုပ်ဆောင်ပေးခဲ့သည်။ ထိုသို့သော အခြေအနေတွင် နိုင်ခြေမရှိသည့်အပြင် နာမည်ပျက်ပါ ရသွားနိုင်သည့် တိုက်ခိုက်မှုမျိုးကို AA ဖက်မှ အတိအလင်းလုပ်ဆောင်လာခြင်းမှာ စစ်ပွဲနယ်မြေကျယ်ပြန့်စေပြီး စစ်ရှောင်စခန်းများ များပြားစေခြင်းဖြင့် တပ်မတော်ကို စစ်ရာဇ၀တ်မှု (War Crimes) ဖြင့် အနောက်အုပ်စုမှု စွပ်စွဲအရေးယူနိုင်စေရေး ဦးတည်ခဲ့သည်ဟု သုံးသပ်ရပါသည်။ ဤအတိုင်းသာ လုပ်ဆောင်ခဲ့ခြင်းမှန်ပါက AA ၏ နောက်တွင် ARSA နှင့် သဘောထား လိုလားချက်တူ နိုင်ငံကြီးများက ကျယ်ကျယ်ပြန့်ပြန့် ကြိုးကိုင်ဆောင်ရွက်နေပြီဟုသာ ကောက်ချက်ချရပါမည်။ မြန်မာနိုင်ငံအတွက် နောက်ဆုံးခံစစ်ဖြစ်ပြီး တောင့်တင်းခိုင်မာလှသည့် တစ်ခုတည်းသော အဖွဲ့အစည်းကို ပြင်းထန်စွာ ထိုးနှက်ရန် ရည်ရွယ်ထားခြင်းဖြစ်ရာ အလွန်အန္တရာယ်များသည့် အနေအထားဖြစ်သည်။ အစိုးရအနေဖြင့်လည်း အုပ်ချုပ်ရေး မဏ္ဍိုင် (Executive Branch) ၏ အရေးကြီးအစိတ်အပိုင်းဖြစ်သည့် တပ်မတော်အပေါ် ဤကဲ့သို့ ထိုးနှက်လာမည့် အရေးကို နားလည်သိရှိပြီး လိုအပ်သလို ကာကွယ်ပေးနိုင်ရန် အရေးကြီးပါသည်။ တပ်မတော်ဖက်မှလည်း လုံခြုံရေး လုပ်ငန်းစဉ်တိုင်းကို ပိုမို၍ သတိကြီးစွာ ဆောင်ရွက်ရတော့မည့် အနေအထားသို့ ရောက်ရှိသွားခြင်းလည်းဖြစ်သည်။
မည်သို့ဆိုစေ … AA သည် စစ်ပွဲကို ခေါ်လာခဲ့ပြီးဖြစ်သည်။ အဆိုပါစစ်ပွဲ၏ ဒဏ်ချက်ကိုမူ ဒေသခံပြည်သူများက ပိုမိုဆိုးရွားစွာ ခံစားရပါလိမ့်မည်။ အစိုးရအနေဖြင့်မူ နိုင်ငံတော်၏ တာဝန်အရှိဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်ရာ မဖြစ်နေလုပ်ဆောင်ရမည်တို့ကို အချိန်နှင့်တပြေးညီ လုပ်ဆောင်သွားမည်ဆိုသည်ကို ယုံမှားသံသယ ရှိရန်မလိုပေ။ ARSA အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အနာမကျက်သေးသည်ကို AA တို့က ထပ်ပိုးဒဏ်ရာပေးသည်မှာ ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် ဘူးလေးရာ ဖရုံဆင့်သည့်နှယ်သာ။ မငြိမ်းသေးသော မီးသည် ထပ်မံ၍ အစပျိုးခဲ့သည်။ မည်မျှကြာအောင် တောက်လောင်ဦးမည် ဆိုသည်ကတော့ မှန်းဆရန် မလွယ်လှပါ။ ငြှိမ်းသတ်ရန် ခက်သည်တော့ မဟုတ်။ သို့သော် မကျက်သည့် အနာဟောင်းပေါ် အရက်ပျံလောင်းသည့်နှယ်သာ ရှိချိမ့်မည်။ ခုန်ပျံကျော်လွားနေသည့် ခေတ်ရေစီးအလျဉ်နှင့် ရှေးရိုးစွဲ အယူဟောင်းများကြားတွင် အတိတ်ကအမူး မပြေကြသူများအတွက် ရှင်သန်ရပ်တည်ရန် ခက်ခဲပါလိမ့်ဦးမည်။ သို့ပေသော်ငြား အရှေ့တောင်အာရှ၏ မဟာဗျူဟာမြောက် ပထ၀ီအနေအထားတွင် တည်ရှိနေသော မြန်မာနိုင်ငံအဖို့ ယခုလိုဖြစ်စဉ်များမှာ ရှောင်လွှဲရန် ခက်ခဲလှပါသည်။

နိုင်ငံတော်၏ ရှေ့အနာဂတ်အရေး ပုံဖော်ရာတွင် အစိုးရ၊ တပ်မတော်၊ ပြည်သူ သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်မှသာ တိုးတက်ဖြစ်ထွန်းမှုများ ပေါ်ထွက်လာနိုင်ရန် အခြေအနေကောင်းပါလိမ့်မည်။ အထူးသဖြင့် မိမိ၏ အကျိုးစီးပွားအတွက် နိုင်ငံ၏ အကျိုးစီးပွားကို ဦးတည်နိုင်မှသာ ပြေလည်သွားတော့မည့် အနေအထားမျိုး ဖြစ်ပါသည်။ ရခိုင်ဒေသသို့ ရောက်ခဲ့စဉ်က ပတ်ဝန်းကျင်တခွင်သည် တောရိပ် တောင်ရိပ်တို့ဖြင့် စိမ်းလန်းနေသည်ကို မြင်ခဲ့ရသည်။ အပြင်ပန်းအားဖြင့် ငြိမ်းချမ်းနေသော်လည်း အတွင်းသဏ္ဍာန်တွင် မီးတောက်တို့က တောက်လောင်ရန် အစပျိုးခဲ့ပြီးသည်ကို စိတ်မကောင်းစွာပင် မြင်နေရပါသည်။ အနောက်တံခါးဟု သိမှတ်ထားကြသည့် ရခိုင်ပြည်နယ်သည် တိုးတက်ရန် အခွင့်အလမ်းများ များစွာကျန်ရှိနေပါသေးသည်။ စစ်ပွဲ၏ ဒဏ်ချက်များမှ ကင်းလွတ်မှသာ တိုးတက်မှုများကို ရနိုင်မည်က အသေအချာဖြစ်သည်။ မငြိမ်းနိုင်သေးသည့် မီးစတစ်ခုသည် အနောက်တံခါးတွင် ထပ်မံအစပျိုးခဲ့ပြန်လေပြီ။ ထိုမီးစကို မကြီးထွားသေးခင် ၀ိုင်းဝန်းငြိမ်းသတ်နိုင်မှသာ ဒေသခံတိုင်းရင်းသားတို့အတွက် ပြည့်စုံလုံခြုံသည့် လူမှုအသိုက်အ၀န်းကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မီးစသဖွယ် ဖြစ်ပေါ်နေသည့် ရခိုင်ဒေသတိုက်ခိုက်မှု ဖြစ်စဉ်ကို ငြိမ်းအေးသွားစေရန် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ကျော်လွန်နိုင်ပါစေဟုသာ … … …

Leave a Reply