နိုင်ငံပိုင် ဘဏ်များ၌ နိုင်ငံခြားငွေ အပ်နှံရာတွင် ပေးရမည့် ဝန်ဆောင်ခ ဖြေလျော့ပေးရန်​ အဆိုပြုထားဟုဆို

0
116

ဇန်​နဝါရီ ၁၄
ဝေဝေဖြိုး

အစိုးရပိုင် ဘဏ်လေးခု တို့တွင် နိုင်ငံခြားငွေ လာရောက်အပ်နှံသည့် Customer များထံမှ ကောက်ခံသည့် ဝန်ဆောင်ခ ၀ ဒသမ ၀၃ ရာခိုင်နှုန်းကို ဖြေလျော့ပေးရန် သက်ဆိုင်ရာ ဘဏ်များသို့ အဆိုပြုထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောသည်။

ယခုလ ၁၂ ရက်က ကုန်​သည်​စက်​မှုအသင်းချုပ်တွင်ကျင်းပပြုလုပ်သော (၂၃)ကြိမ်မြောက် နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေနှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ၌ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဘဏ်တွေက အခုဆိုရင် အရှုံးရှိတဲ့ ဘဏ် မရှိသေးပါဘူး။ အမြဲတမ်းမြတ်နေတဲ့ ဘဏ်တွေကြီးပါပဲ။ ဒါပေမဲ့ သူတို့ဘဏ်တွေကို ကျွန်တော်တို့ သွားတဲ့အခါ နိုင်ငံခြားငွေ ဒေါ်လာသွားသွင်းတဲ့အခါကြရင် သူတို့က ၀ ဒသမ ၀၃ ရာခိုင်နှုန်းဖြတ်ပါတယ်။ ကိုယ်ကလည်း ငွေသွင်းရသေးတယ်။ ကိုယ်ကလည်း ပိုက်ဆံပေးရသေးတယ်ဆိုတော့ ဒီဟာကသိပ်​ပြီးတော့ ငွေအပ်တဲ့သူတွေပေါ် မှာ မညှာမတာလုပ်ရာ ကျတယ်လို့ယူဆပါတယ်။ ဒါကြောင့် သူတို့ဆီမှာလာအပ်တဲ့ ဒေါ်လာတွေပေါ်မှာ ဝန်ဆောင်ခ မယူဖို့ ကျွန်တော်တို့ အဆိုပြုထားပါတယ်။”ဟု ၎င်းကပြောသည်​။

ယင်းကိစ္စကိုဆောင်ရွက်​ရာတွင် အဓိက ကိုင်တွယ် လုပ်ဆောင်ရသော မြန်မာ့စီးပွားရေးဘဏ်(MEB)၊ မြန်မာနိုင်ငံခြားကုန်သွယ်ရေးဘဏ် (Foreign Trade Bank)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ် (MICB)နှင့် မြန်မာ့ လယ်ယာစိုက် ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဘဏ်(MADB) တို့တွင် နိုင်ငံခြားငွေ လာရောက်အပ်နှံသော Customer များထံမှ ဝန်ဆောင်ခ မယူရန် အဆိုပြုထားခြင်း ဖြစ်​သည်​။

ယင်းကဲ့သို့လုပ်ဆောင်လျှင် Customer နှင့် ဘဏ်ဆက်ဆံရေး ပို၍ကောင်းမွန်လာနိုင်မည်ဖြစ်​ပြီး ယင်းကိစ္စအတွက်​ကိုလည်း အစီအစဉ်​များ ချမှတ်​ဆောင်​ရွက်​လျက်​ရှိသည်​ဟုဆိုသည်​။

“ဘာလဲဆိုတော့ ဘဏ်ကိုသွင်းရင် ပုံစံတွေ ရောင်းတဲ့ ကိစ္စ ဒါတွေရောင်းပြီးတော့ ဟိုရံပုံငွေ၊ ဒီရံပုံငွေထားတဲ့အခါမှာ ကျွန်​တော်​တို့ မလိုလားအပ်တဲ့ ပြဿနာ ဝင်လာမှာ ကြောက်ပါတယ်။ ဒီစရိတ်စကကို customer ဆီကို မပေးပဲနဲ့ ဘဏ်တွေက ခံစေချင်တဲ့ ဆန္ဒကျွန်​တော်​တို့ဆီမှာ ရှိပါတယ်။ ဒါကြောင့်မို့လည်း ကျွန်​တော်​တို့ ကိုင်တွယ်နေရတဲ့ အစိုးရ ဘဏ်လေးဘဏ်ကို နောင်ဆိုရင် စက္ကူကြေးတို့ ပုံစံကြေးတို့ မယူပဲနဲ့ ဘဏ်က တကယ်ယူရမယ့် ဝန်ဆောင်ခတွေပဲ ယူဖို့ ဆိုပြီး စီစဉ်နေပါတယ်” ဟု ဝန်ကြီးက ပြောသည်။

ပြည်ပဘဏ်များအနေဖြင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ နှင့် အကျိုးတူပူးပေါင်း၍သော်လည်းကောင်း၊ ရာနှုန်းပြည့် သော်လည်းကောင်း မည်သည့်နည်းလမ်းများဖြင့်ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်မည်ဆိုပါက ယင်းတို့ကို စိတ်ချမ်းသာအောင် စည်းမျဉ်းစည်းကမ်း ဘောင်အတွင်း လုပ်ကိုင်နိုင်အောင် ဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။

ထို့ပြင် ငွေရေးကြေးရေးနှင့် ဘဏ်ဝန်ဆောင်မှု ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှုများကိုလည်း အပြင်းအထန် ကြိုးစားဆောင်ရွက်နေပြီး လာမည့်နှစ်တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များကို နိုင်ငံတကာဘဏ်များနှင့် ယှဉ်ပြိုင်နိုင်အောင်၊ ညီမျှသော ယှဉ်ပြိုင်မှုဖြစ်စေရန်​ ရည်ရွယ်၍ အတိုင်းအတာတခုအထိ ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များသည် ဘဏ်လုပ်ငန်းဆောင်ရွက်ရာတွင် နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာမြင့်လာပြီဖြစ်၍ ယင်းတို့ကို နိုင်ငံတကာ ဘဏ်များနှင့် ယှဉ်ပြိုင်နိုင်ရန် လာမည့်နှစ်အတွင်း နိုင်ငံတကာ ဘဏ်များကို ပြည်တွင်း၌ ဘဏ်လုပ်ငန်းများအား လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဝန်​ကြီးက ပြောသည်​။

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍတွင် ငွေစက္ကူ သုံးစွဲမှုများပြားခြင်းကြောင့် ကုန်ကျစရိတ်များ၍ အချိန်ကြာမြင့်သဖြင့် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကော်မတီနှင့် မြန်မာနိုင်ငံအနှံ့အပြား၌ e-banking၊ e-payments များ လုပ်ဆောင်သွားမည်​ဖြစ်ကြောင်း သိရသည်။

Leave a Reply