ပါတီတွင်းကိစ္စများကို လူမှုကွန်ရက်တွင်ရေးသားခြင်းမပြုရန် NLD သတိပေး

0
65

ဇန်နဝါရီ ၁၄
ကျော်သူမြင့်

ပါတီတွင်းကိစ္စရပ်များကို လူမှုကွန်ရက်ပေါ်တွင် ရေးသားခြင်းမပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLDပါတီက ထပ်မံသတိပေးမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကပြောသည်။

NLDပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC အစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်မြို့ ရှိ ပါတီဗဟိုဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါကိစ္စအားထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“ပါတီတွင်းကိစ္စတွေကို လူမှုကွန်ရက်ပေါ်မှာ မရေးသားဖို့ညွှန်ကြားလွှာထုတ်ပြန်ထားတာရှိတယ် အဲ့တာကိုပြန်ပြီးဆွေးနွေးပြီးတော့ ထပ်ဆင့်သတိပေးညွှန်ကြားတာလုပ်မယ်”ဟု ဒေါက်တာမျိုးညွှန့် ကပြောသည်။

ပါတီတွင်းကိစ္စရပ်များကို ပါတီတွင်းတွင် ဆွေးနွေးတိုင်ကြားခွင့်ပေးထားကြောင်း ၎င်းကဆက်လက် ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးအား လူမှုကွန်ရက်မှ ‘ငဖြီး’ဟုပြောဆိုခဲ့ပြီးနောက် ထပ်မံဆွေး နွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ ဦးမောင်မောင်စိုးနှင့် ဦးဘိုဘိုဦးတို့က ပါတီသို့တိုင်ကြားထားခြင်းမရှိ သေးကြောင်း သိရသည်။

“ကျွန်တော်တို့က မီဒီယာတွေရဲ့ ဖော်ပြချက်ကနေတဆင့်သိရတာ ဒါနဲ့ပတ်သတ်ပြီး အစည်းအဝေး မှာ ယေဘူယျသဘောဆွေးနွေးတာတော့ရှိတယ်။ အဓိကကတော့ လူမှုကွန်ရက်ပေါ်မှာ မရေးသား ဖို့ပဲ။ ပါတီဝင်တွေရဲ့ရေးသားချက်က သူမှာစေတနာဘယ်လောက်ပါလဲ ပါတီပုံရိပ်ကိုထိခိုက်စေနိုင် လား အဲ့တာတွေတော့ကြည့်ရမယ်။ လိုအပ်ရင်တော့ပါတီစည်းကမ်းနဲ့ စစ်ဆေးအရေးယူမှာပေါ့”ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။

Photo : NLD Fb

Leave a Reply