ရွှေ့ပြောင်းအလုပ်သမားများ၏နေရပ်ပြန်ပို့ငွေများကို မှန်ကန်မြန်ဆန်ပြီး ၀န်ဆောင်ခသက်သာသည့်နှုန်းဖြင့်ပြန်လည်ပေးပို့နိုင်ရန် ဆောင်ရွက်မည်

0
140

နေပြည်တော် ၊ ဇန်န၀ါရီ ၉ ၊၂၀၁၈

ပြည်ပနိုင်ငံများရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ နေရပ်ပြန်ပို့ငွေ အား တရားဝင်လမ်းကြောင်းမှ မှန်ကန်မြန်ဆန်ပြီး ၀န်ဆောင်ခ သက်သာသည့်နှုန်းဖြင့်ပြန်လည်ပေးပို့နိုင်ရန်စီစဉ်ဆောင်ရွက်နေ
ကြောင်း အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။

“တရားဝင်လမ်းကြောင်းကနေပို့ရင် မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ရောက်မယ်။ ၀န်ဆောင်ခလည်း အနည်းဆုံးဖြစ်အောင် ညှိုနှိုင်းပေးနေပါ တယ်။ သူတို့တွေ့ကြုံနေရတဲ့အခက်အခဲ ပြသနာတွေ ဘယ်လိုဖြေရှင်း မလဲ ဆိုတာတွေကို ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဘဏ်ပိုင်းဆိုင်ရာ ရော ၊ အလုပ်သမားပိုင်းဆိုင်ရာရော ၊ ပို့တဲ့အေဂျင်စီတွေရော ၊ ၀န်ကြီး ဌာနတွေရော ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် မကြာခင်ကာလ အတွင်းမှာ ပြောင်းရွှေ့အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေကိစ္စဟာ ပိုမို အောင်မြင်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ဦးသိန်းဆွေ ကပြောသည်။

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာနတွင် ဇန်န၀ါရီလ ၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ပုဂ္ဂလိက ဘဏ်များနှင့် တရားဝင်ချိတ်ဆက်၍ မိသားစုလွှဲပို့ငွေများ လွှဲပြောင်းနိုင်ရေး တွေ့ဆုံဆွေးနွေးသည့်အခမ်းအနားအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားမ၀င်ဟွန်ဒီစနစ်ဖြင့် ငွေလွှဲပို့ဆောင်နေမှုများရှိ နေသော်လည်း ဟွန်ဒီ စနစ်၏ အားနည်းချက် အားသာချက်နှင့် ဘဏ်များ၏ အားနည်းချက် အားသာချက်များကို မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်းများ ဥက္ကဋ္ဌ ဦးမင်းလှိုင်မှ ရှင်းလင်းတင်ပြခဲ့သည်။

“ ဘဏ်စနစ်ရဲ့အားနည်းချက်က အလုပ်သမားတွေ အလုပ်ပိတ်ချိန်နဲ့ ဘဏ်ပိတ်ချိန်က တိုက်ဆိုင်နေတယ်။ဘဏ်ကို သွားတဲ့အချိန်မှာ သက်ဆိုင်ရာ နိုင်ငံရဲ့ကုမ္ပဏီက ပိုင်ရှင်ရဲ့စာတစ်စောင်ပါရမယ်။ ပါမစ်ပါရမယ်။ ပတ်စပို့စ်ပါရမယ်။ တချို့နိုင်ငံတွေကကော့ ပတ်စပို့စ်တွေကို အလုပ်ရှင်တွေက သိမ်းထားပါတယ်။သိမ်းထားတော့ ဘဏ်ကိုသွားတဲ့အခါ အခက်အခဲရှိပါတယ်။ ဘဏ်ကိုရောက်တော့လည်း စာတွေအများကြီးရေးရပါတယ်။ များသောအားဖြင့် အလုပ်သမားတွေက အခြေခံပညာနည်းပါးပါတယ်။ ဘဏ်စနစ်ကျတော့ စိတ်ချရတယ်။ ကြန့်ကြာတယ်။ အခက်အခဲတော့ရှိတယ်။ လာထုတ်တော့လည်း တချို့တောတွေက မှတ်ပုံတင်မရှိ ဘာမရှိ ဆိုတော့ ဘဏ်စနစ်ကို သိပ်မသုံးတာလည်းဖြစ်ပါတယ်။ဘဏ်စနစ်ကတော့၁၀၀ရာခိုင်နှုန်း လုံခြုံစိတ်ချရပါတယ်။ ဘဏ်စနစ်ကို လုပ်ထုံးလုပ်နည်းလေးဖြေလျော့ လိုက်ရင် ဟွန်ဒီ စနစ်ကိုလွှမ်းမိုးနိုင်မယ်လို့ယူဆပါတယ်” ဟု ဦးမင်းလှိုင် ကပြောသည်။

ဟွန်ဒီစနစ်၏အားသာချက်သည် ဘဏ်များကဲ့သို့ ငွေလွှဲပို့သူအနေဖြင့် ပတ်စပို့စ်ပြစရာမလိုသကဲ့သို့ ငွေထုတ်သူများ အနေဖြင့်လည်း မှတ်ပုံတင် ပြစရာမလို ပဲလွယ်ကူမြန်ဆန်သည့် စနစ်တခုဖြစ်သော်လည်း ငွေကြေး နေရပ်ပြန်လည်ပေးပို့သူများအဖြင့် ငွေကြေးလိမ်လည် ခံရမှုများကြုံတွေ့ ခံခဲ့ရမှုများရှိကြောင်း ဦးမင်းလှိုင်က ထောက်ပြပြောဆိုခဲ့သည်။

ပြည်ပနိုင်ငံများ၌ မြန်မာအလုပ်သမား ၃ သန်းခန့်ရှိပြီး ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုအရ လူဦးရေ ၅၁ ဒသမ ၄၉ သန်းရှိသည့်အနက် ပြည်ပသို့ရွှေ့ပြောင်း သွားလာ အလုပ်လုပ်ကိုင်မှုသည် လူဦးရေ ၁၀ % ကျော်ရှိပြီး ပြည်ပ နိုင်ငံအသီးသီးတွင် ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်သူ ၅ သန်းကျော်ရှိကြောင်းလည်း သိရသည်။

ပြည်ပရွှေ့ပြောင်းအလုပ်သမားများ၏ တရားဝင်လမ်းကြောင်း ဘဏ်များမှ တဆင့် ပြန်လည်ပေးပို့ငွေသည် ၂၀၁၅ -၂၀၁၆ ခုနှစ်၌ ၃၇၀ ဘီလီယံရှိခဲ့ပြီး ၂၀၁၆ -၂၀၁၇ ခုနှစ်တွင် နေရပ်ပြန်ပို့ငွေသည် ၆၂၃ ဘီလီယံ ပို့ဆောင်ပေးခဲ့ကြောင်း စာရင်းဇယားများအရသိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply