လှိုင်သာယာတွင် ဓာတ်ကြိုးပြတ်ကျ နှစ်ဦးသေ၊ တစ်ဦးဆေးရုံရောက်

0
198

ရန်ကုန် ၊ ဇန်န၀ါရီ ၉ ၊ ၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ်၊ ရေဥက္ကံအုပ်စု၊ သောင်ကြီး ၄ ရပ်ကွက် ၊ ခရေလမ်းထိပ်တွင် ဇန်နဝါရီ ၈ ရက်၌ ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဓာတ်လိုက်ပြီး နှစ်ဦးသေဆုံးကာ တစ်ဦးမှာ လှိုင်သာယာမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မေတ္တာပါရမီ လူမှုကူညီရေးအသင်း (လှိုင်သာယာ) မှ သိရသည်။

ဓာတ်ကြိုးမှာ ရေအိုင်ထဲသို့ပြတ်ကျနေခြင်းဖြစ်ပြီး လမ်းသွားလမ်းလာ သူများ ဓာတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်းလည်း မေတ္တာပါရမီ လူမှုကူညီရေးအသင်း (လှိုင်သာယာ) ဥက္ကဌ ဦးကျော်လင်းဦး က ပြောသည်။

“ ပြတ်ကျတဲ့အချိန်က အလုပ်ပြန်ကြတဲ့အချိန် ခုနှစ်နာရီကျော်လောက်က ဖြစ်တာ။ ဓာတ်လိုက်တဲ့သူတွေကို မြင်တဲ့ အနီးက လက်ဖက်ရည်ဆိုင်က မိန်းချဖို့ပြောလိုက်လို့ ဒီလောက်ပဲဖြစ်သွားတာ။ နို့မို့ဆိုရင် အများကြီးထိမှာ “ ဦးကျော်လင်းဦး က ပြောသည်။

သေဆုံးသူနှစ်ဦးမှာ အမျိုးသားများဖြစ်ပြီး ဈေးရောင်းသည့်သူတစ်ဦးနှင့် ဆိုက်ကားနင်းသည့်သူတစ်ဦးပါဝင်ပြီး အမျိုးသမီးတစ်ဦးမှာ လက်ရှိတွင် ဆေးဝါးကုသမှုခံယူခြင်းကြောင့် ပုံမှန်အခြေအနေ ပြန်ဖြစ်လာပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူများအတွက် မိသားစုများကို အကြောင်းကြားပြီး လှိုင်သာယာမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ – Aung Khin

Leave a Reply