အဝေးသင်ဝိဇ္ဇာဘာသာရပ်များ အနီးကပ်သင်တန်း နှစ်ကြိမ်တက်ရန် ပြောင်းလဲ၊ ကန့်ကွက်ကြောင်း လှုပ်ရှားမှုပြုလုပ်

0
105

ဇန်နဝါရီ ၁၈
မေစု

အဝေးသင်ဝိဇ္ဇာဘာသာရပ် အထူးပြုများ အနီးကပ်သင်တန်း နှစ်ကြိမ်တက်ရန် အဆင့်မြင့်ပညာဦးစီးဌာန မှ ဇန်နဝါရီ ၁၆ ရက်စွဲ ဖြင့် အတည်ပြုစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းသို့ပြောင်းလဲမှုများအား အဝေးသင်ကျောင်းသားအများစု မှကန့်ကွက်မှုများ ရှိနေကြောင်း အဝေးသင်တက္ကသိုလ် တက်ရောက် သင်ကြားနေသည့် ကျောင်းသားများထံမှသိရသည်။

ဝိဇ္ဇာဘာသာ ရပ်အထူးပြုကျောင်းသား၊ ကျောင်းသူများ အနေဖြင့်ယခင်နှစ်များက စာမေးပွဲဖြေရန် တစ်လခန့်အလိုမှ သာအနီးကပ်ပို့ချမှု ၁၀ ရက် သင်တန်းကို တက်ရောက်ရပြီး ယခုနှစ်မှစကာ အဝေးသင်တက္ကသိုလ်များတွင် Orientation အစီအစဉ်ကို ပြုလုပ်မည်ဖြစ်၍ ၀ိဇ္ဇာဘာ သာရပ်အထူးပြုများသည် မေလအတွင်း ရက်တိုအနီးကပ် ၅ ရက် သင်တန်း နှင့် စာမေးပွဲစစ်ဆေးချိန်အနီး အောက်တိုဘာ ၊ နိုဝင်ဘာလများ တွင် ဒုတိယအကြိမ် အနီးကပ်၅ရက် သင်တန်းအား တက်ရောက်ရန် ပြုလုပ်ထားခြင်း ဟုသိရသည်။

” အောက်တိုဘာ နိုဝင်ဘာကျ မှ ၁၀ရက်အနီးကပ် တက်ပြီး လုပ်တော့ အဝေးသင်ဆိုတာသူက ကိုယ့်ဘာကိုယ်ဖတ်ပြီးလေ့လာရတာလေ ။ အဲ့တော့လေ့လာရတာဆိုတော့အဲ့ကျမှ စာမေးပွဲနီးကျမှ အဲ့ကျောင်းသားက ပြန်လာတော့ကျွန်တော်တို့က အဆင်မပြေဘူး။ အဲ့ဒါကြောင့်မို့ လို့မေလထဲမှာ ၅ရက်ကို Orientation ပေါ့ ကျောင်းသားနဲ့ဆရာ ဆရာမတွေရင်းနှီသွားအောင် ဆရာ ဆရာမတွေကစာသင်တာလည်းလုပ်မယ် လမ်ညွှန်မယ်ပေါ့ အဲ့လိုလုပ်ဖို့ရည်ရွယ်တာပါခင်ဗျ ” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းကပြောသည်။

Orientation ပြုလုပ်မည့် ရက်တိုအနီးကပ်သင်တန်းများ တက်ရောက်မှုကို မှတ်တမ်းယူထားပြီး စာမေး ပွဲ အမှတ်ပေးစည်းမျဉ်း၌ ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး ၂၀၁၉ ပညာသင်နှစ်အတွက် အဝေးသင်ဒုတိယနှစ်နှင့် အထက်သင်တန်းများကို ဖေဖော်ဝါရီ ၈ ရက် တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ထိုနေ့မှ မေ ၂၃ ရက်အထိ ကျောင်းအပ် လက်ခံဟု ကြေငြာထားသည်။

” ဒီလို ကျောင်းသာတွေ ဆန္ဒမပါဘဲ ပြောင်းချင်သလိုပြောင်းတာက အဝေးသင်ပညာရေး မှာသင်ကြားနေတဲ့သူတွေအတွက် အခက်အခဲတွေဖြစ်စေပါတယ်။ လုပ်ငန်းခွင်တွေအနေနဲ့ ခွင့်ရက် အကြိမ်ကြိမ်မပေးနိုင်တဲ့ကိစ္စတွေအပါအဝင် အဆင်မပြေမှုတွေ အများကြီးကြုံနိုင်ပါတယ်။ အခုလည်းအဝေးသင်တက်နေသူ အားလုံးနီးပါးကကန့်ကွက်နေကြပါတယ်” ဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် မှအဝေးသင်ကျောင်းသူတစ်ဦးကပြောသည်။

လူမှုကွန်ယက်များတွင်လည်းအဝေးသင်ကျောင်းသားကျောင်းသူများ စုစည်းသဘောထားကောက်ခံကာ ဖဲကြိုးနီလှုပ်ရှားမှုအား ပြုလုပ်နေပြီး ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန သို့ အဝေးသင်ကျောင်း သာများ ၏ သဘောထားများကောက်ခံကာ ကန့်ကွက်ကြောင်း စာပေးပို့ ခြင်း နှင့်အတူညှိနှိုင်းမှုများလုပ်ဆောင်ရ ရန်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်က အဝေးသင် သင်တန်းသားများအားတတ်မြောက်မှုစစ်ဆေး သည့်စာမေးပွဲများကို မြန်မာပြည်အောက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် မှ ထုတ်ပြီး မြန်မာပြည်အထက်ပိုင်းတွင် မန္တလေးတက္ကသိုလ်မှမေးခွန်ထုတ် ၍ ယခုနှစ်တွင် အဝေးသင်ပညာရပ်သင်ကြားပေးနေသည့် တက္ကသိုလ်တစ်ခုခြင်းအလိုက် မိမိတို့ကျောင်း၏မေးခွန်းများ ကို ကိုယ်တိုင်ထုတ်ရမည်ဖြစ်ကြောင်းသိရသည်။

“အထက်မြန်မာပြည်မှာ မန္တလေးတက္ကသိုလ်ကနေ အားလုံးတာဝန်ယူလုပ်ပေးတာ စာစဉ်တွေလည်းစစ်ဆေးပေး မေးခွန်းလည်းစုစည်းပေးတယ်။ အခုဟာကတော့ အဲ့လိုမဟုတ်တော့ဘူးခင်ဗျ ကျွန်တော်တို့ကိုယ့်ကျောင်းနဲ့ ကိုယ်အားလုံးလုပ်ရမှာပါ။ အဲ့ဒီ့အတွက်ကကျောင်းသားတွေ အဆင်ပြေမှာပါ။ ပြေအောင်စီစဉ်နေပါတယ်ခင်ဗျ” ဟု ဒေါက်တာအောင်အောင်မင်းကဆက်လက်ပြောသည်။

ဝိဇ္ဇာဘာသာရပ်အထူးပြုများဖြစ်သည့် ဒဿနိက၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေ အထူးပြုများ အတွက် မေ ၁၃ ရက်မှ ၁၇ ရက်အထိ၊ မြန်မာစာ၊ ပထ၀ီဝင် အထူးပြုများအတွက် မေ ၂၀ ရက်မှ ၂၄ ရက်အထိ၊ အင်္ဂလိပ်စာ၊ သမိုင်းအထူးပြုများအတွက် မေ ၂၇ ရက်မှ ၃၁ ရက်အထိ ရက်တိုအနီးကပ်သင်တန်းကာလများ သတ်မှတ်ထားကြောင်း သိရသည်။

Leave a Reply