နိုင်ငံခြားခရီးသွား၏ ဆိုင်ကယ်နှင့် FAW ကားတိုက်မှုဖြစ်

0
79

ဇန်နဝါရီ ၁၈
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ် ကျေးရွာအနီး ရန်ကုန် – မန္တလေး အဝေးပြေးကားလမ်း (လမ်းဟောင်း) တွင် ဇန်နဝါရီလ ၁၇ ရက်နေ့ က နိုင်ငံခြားခရီးသွား၏ ဆိုင်ကယ်နှင့် FAW ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်သူ အမေရိကန်နိုင်ငံသား Mr . CARSON သည် အမျိုးသား ၉ ဦး အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁ ဦးတို့နှင့်အတူ ဆိုင်ကယ် ၉ စီးဖြင့် မြဝတီနယ်စပ် ဝင်ပေါက်ဂိတ်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး မန္တလေးမြို့တွင် တည်းခိုညအိပ်ခဲ့သည် ။

ထို့နောက် အမေရိကန်နိုင်ငံသား Mr . CARSON သည် တည်းခိုရာနေရာမှ တစ်ဦးတည်း ထွက်ခွာခဲ့ပြီး တောင်ကြီးမြို့တွင် တည်းခိုနေထိုင်ရန် GPS ကိုဖွင့်၍ BMW ဆိုင်ကယ် မောင်းနှင်ခဲ့ကာ အခင်းဖြစ်နေရာတွင် ယာဉ်မတော်တဆဖြစ်ခဲ့ခြင်း ဖြစ်သည် ။

ယာဉ်တိုက်မှုကြောင့် Mr . CARSON မှာ ဘယ်ဘက်လက်ကျိုးဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံသို့အရေးပေါ်ဆေးကုသမှုခံယူနိုင်ရန်တင်ပို့ပေးခဲ့ကာ ထိုမှတဆင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမေရိကန်နိုင်ငံသား Mr . CARSON ၏ ဗီဇာသက်တမ်းမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိဖြစ်ပြီး ယာဉ်တိုက်မှုနှင့်ပတ်သက်၍ လတ်တလောတွင် အမှုဖွင့်လှစ်ထားရှိခြင်း မရှိသေးကြောင်း ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

Leave a Reply